Tuesday, June 28, 2016

ဘူတာရုံ သရဲ


 
 
လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ၊ ကျွန်တော့် အသက် ဆယ့်လေး ၊ ဆယ့်ငါးလောက်မှာ ကျနော် က မီးရထား ဘူတာ ရုံ နဲ့ ဓါတ်တိုင် ဆယ်တိုင် စာလောက်ဝေးတဲ့ နေရာမှာ နေပါတယ်။ ဘူတာရုံ ရဲ့ အနီးအနား မှာ နေတာ ဆိုတော့ ဘူတာရုံ နဲ့ ပတ်သက်တဲ့ သတင်းစကားတွေ ကလည်း မကြားချင်ပဲ ကြားနေခဲ့ရတယ်။ 
 
စင်္ကြန် ပလက်ဖောင်း နဲ့ တွဲကြားမှာ ကျလို့ တော်ကြာသေပြန်ပြီ။ ရထား အထွက် မရမက လိုက်တက် လို့ ပြုတ် ကျ သေပြန်ပြီ။ ရထား ဝင်လာတာ မသိပဲ လမ်းဖြတ်ကူးလို့ တိုက်မိပြီး သေပြန်ပြီ။ အရက်မူးပြီး ရထား လမ်းပေါ် အိပ်နေလို့ ရထားကြိတ် သေပြန်ပြီ။ ဒီလို ခဏခဏ သေကြပြီးတဲ့နောက် ဘူတာရုံ မှာ သရဲခြောက်တယ် ဆိုတဲ့ သတင်း ကလည်း ဟိုးလေး တကြော်ကြော် ဖြစ်လာတယ်။
ကျနော်တို့ ပတ်ဝန်းကျင် မှာ ည ကိုးနာရီကျော်ရင် အိမ် အပြင် မထွက်ရဲကြ သလောက် ဖြစ်လာတယ်။ ဘူတာရုံ သွား လမ်းမကြီး ရဲ့ တစ်ဖက် တစ်ချက်မှာ ကလည်း နှစ်ချို့ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး မိုးကိုမျှော်ကြည့်၍ မမြင်ရလောက်အောင်ပင် ည အခါဆို မှောင်မိုက်ကာ လူသူ ကင်းရှင်းနေတတ်တယ်။

အခု .. ဒီ လမ်းမကြီးပေါ်မှာ ကျနော်တစ်ယောက်တည်း လမ်းလျှောက်နေတယ်။ အချိန်က ဆယ့်တစ်နာရီ မတ်တင်း။ ဒီလမ်းပေါ်ကို ကျနော် လျှောက်ချင်လို့ လျှောက်နေတာ မဟုတ်ပဲနဲ့ မလျှောက် မဖြစ် လို့ လျှောက်နေ ရတယ်။ နောက်ပြီး ကျနော် ဦးတည်သွားနေတာက သရဲခြောက်ပါတယ် ဆိုတဲ့ ဘူတာရုံ ဆီကို။

အဲဒီကို ကျနော် သွားနေတာ ဆိုတော့ ကျနော်က မကြောက်တတ်လို့လား။ မဟုတ် ပါဘူး ကျနော့ အသက် ဆယ့်လေးနှစ်လောက် ပဲ ရှိသေးတာ ကြောက်တတ် တာပေါ့။ ကြောက်လို့လည်း တစ်လမ်းလုံး သိသမျှ မှတ် သမျှ ဘုရားစာတွေ ဂုဏ်တော်တွေ ရွတ်ဖတ်နေရတာ ပါးစပ်မှာတောင် အမြှုပ်တွေ ထလို့။ မျက်လုံးကလည်း ကျီကန်းတောင်မှောက် ဘေးကြည့်လိုက် ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်ပေါ့။
 
 ဗြုန်းဆို အနားကို ဘာကောင်ကြီးရောက်လာမလဲ ဆိုပြီး တွေးတွေးပြီးလည်း ကြောက်နေမိတယ်။ ကြားဖူး နားဝ ရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ယုံတမ်း စကားတွေထဲကလို ခွေးသေးသေးလေး ပေါ်လာပြီး တစ်ဖြည်းဖြည်း ဆင်လောက် အကောင် အကြီးကြီး ဖြစ်လာလေမလား။ 
 
ညီလေး မီးတစ်တို့လောက် ဆိုပြီး လာပြောတဲ့သူက လျှာကြီး တစ်တောင်လောက် ထုတ်ပြလေမလား။ အစ်ကိုကြီး အစ်မကြီးတို့ရယ် ထမင်း ဖိုးလေး သနားပါ ဆိုတဲ့ သူတောင်းစာကြီး က နားရွက် တစ်ဖက် ခင်း ထိုင်ပြီး နားရွက် တစ်ဖက် ခြုံထားလေ မလား။ သစ်ကိုင်းပေါ်မှာ တွဲခိုပြီး အနားရောက်မှ ဘွားခနဲ ကိုယ် ထင်ပြမယ့် ညောင်ပင် တစ္ဆေနဲ့များ တွေ့လေမလား။

ကျနော် လမ်းသာလျှောက်နေရတယ် နောက်ကျောက မလုံဘူး။ ဗြုန်းဆို နောက်က ပုခုံးလာ ပုတ်လို့ လှည့် ကြည့် လိုက်တဲ့ အခါ ထန်းပင်လောက်မြင့်တဲ့ သရဲကြီးများ တွေ့လေမလား ဆိုပြီး ခြေလှမ်းကို အမြန်နှုန်း တင်ပြီး သုတ်ခြေတင် လျှောက်နေရတယ်။ 
 
တစ်ကယ်ဆို ဒီ ဘူတာကို လုံးဝ မလာချင်ပါဘူး။ အဖေက သူ့ညီမ (ကျနော့ဒေါ်လေး) နယ် ကနေ ဒီည ဆယ့် တစ်နာရီခေါက်နဲ့ ပါလာမယ်။ သူက မျက်စေ့ သိပ်ကောင်းဘူး သွားကြိုပါ ဆိုလို့သာ လာခဲ့ရတယ်။ တစ်ကိုယ် လုံး ကြောက်စိတ်တွေကြောင့် ချွတ် ခနဲ အသံကြားတာနဲ့ ကြက် သီးတွေ တစ်ဖြန်းဖြန်း ထထနေတယ်။
 

ကတ္တရာ လမ်းဆုံးလို့ ဘူတာရုံ သွားရာ မြေနီလမ်းလေး ကို ချိုးဝင်လိုက်တယ် ဆိုရင်ပဲ ဘူတာရုံနဲ့ နီးလာပြီ ဆိုတဲ့ အသိနဲ့ စောစောကကြောက်စိတ်တွေ ပိုပြီးကြီးထွား လာတယ်။ ရှေ့နား ဆီမှာ ဘူတာရုံ ကို လှမ်းမြင်နေ ရပါပြီ။ သို့ပေမယ့် လူသူ အရိပ်အယောင်တော့ လုံးဝ မတွေ့ရ။ 
 
အဖော် တစ်ယောက်ယောက်တော့ ရကောင်းရဲ့ဆိုပြီး ဘူတာရုံထဲ ဝင်ဝင်ချင်း ရှာဖွေကြည့်သည်။ ဒါပေမယ့် လူရိပ်မြင်ပြီးဟောင်မည့် ခွေးတစ်ကောင်ပင် မတွေ့ပေ။ ဘူတာရုံစောင့် ကုလား အဖိုးကြီးကရော ဘယ်ရောက်နေ လဲ။ လုံးလုံး မတွေ့ရပါ။ ဆယ်မိနစ်ကျော်ကျော် ဘူတာရုံစင်္ကြံ မှာ ခေါက် တုန့်ခေါက်ပြန်လျှောက်နေ မိတယ်။ 
 
တစ်ကယ်ဆို ဘူတာရုံ မှာ ရထားစီး ခရီသည် မရှိတောင်မှ ဈေးသည် တစ်ဦး တစ်လေတော့ ရှိကောင်းတယ်။ အခုဟာက လုံးလုံးခြောက်ကပ် တိတ်ဆိတ်ပြီး စိတ်ချောက်ခြားဖွယ်ရာအတိ။ ဘာပဲဖြစ်ဖြစ် လက်မှတ်ရောင်းကောင်တာ မှာ တစ်ယောက်ယောက်တော့ ရှိကောင်းရဲ့ဆိုပြီး လှည့်ကြည့်လိုက်တော့ …
အောင်မလေးဗျ .. နာ .. နာ .. နာ ..

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်းမှ ဆံပင် အားလုံး ထောင်ထ တက်သွားရတယ်။ လက်မှတ် အရောင်း ကောင်တာပေါက် မှာ ထင်းထင်းကြီးပြူးထွက်နေတဲ့ မျက်နှာကြီး တစ်ခု။ ဆံပင် မျက်ခုံးမွှေး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး သွားတံများ ဆွတ်ဆွတ်ဖြူလို့။

ကန်ကလေး မင်း .. ဘာလာလုပ်တာလဲ
အသံကြားမှ ဘူတာရုံစောင့် နာနာကြီးမှန်း သိလိုက်ရ၍ စိတ်သက်သာသွားရတယ်။
ဟာ .. နာနာကြီး ကလည်းဗျာ အသံလေး ဘာလေး ပေးမှပေါ့
ဟ ကောင်လေးရ မင်း ကို ငါ ဒီနေရာကနေ ကြည့်နေတာကြာပြီ မင်း တစ်ယောက်ထဲ ဘာလာလုပ်တာလဲ
ရထားလာစောင့်တာ နာနာကြီးရ
ဒီနေ့ ရထားမလာဘူး
ဗျာ
အေးဟုတ်တယ် ပဲခူးမှာ ရေကြီးနေလို့ ခရီးစဉ် ဖျက်ထားတယ်
 
 
ဟာဗျာ ဒုက္ခပါပဲ
ဘာ ဒုက္ခလဲကွ
အိမ်ကို တစ်ယောက်ထဲ ပြန်ရမှာမို့လို့ပါ
အေး ပြန်မယ်ဆိုရင်လည်း သတိဝရိယ နဲ့သွားကွာ ။
ဘာ .. ဘာဖြစ်လို့လဲ နာနာကြီး
ဘာမှ မဟုတ်ပါဘူးကွာ ညကမှောင် လက မသာတော့ ဆူးညှောင့် ကန်သင်းတွေ သတိထားဖို့ပြောတာပါ ။

ကြောက်ပါတယ် ဆိုမှ ဖြဲခြောက်နေပြန်ပြီ။ ညကမှောင်။ လကမသာ။ အချိန်က ညဉ့်နက်သန်းကောင် နီးပါး။ လမ်းပေါ်မှာ က ကျွန်တော် တစ်ယောက်တည်း။ အပြန် ခရီးရဲ့ ခြေလှမ်းတွေက …
ဘူတာရုံ နဲ့ ကိုက်နှစ်ဆယ် အကွာလောက်ရောက်တော့ အသံ တစ်ခုကို ကျနော် သတိထားမိလိုက်တယ်။

ဖလပ် .. ဖလပ် .. ဖလပ် .. ဖလပ်
ရင်တွေ တစ်ဒုန်းဒုန်း ခုန်ပြီး လိပ်ပြာ လွင့်မတတ်ဖြစ်မိတယ်။
ဒီအသံ ဘယ်က လာတာလဲ။ ဘယ်သူလဲ။ ဘာကောင်လဲ။ လူလား ခွေးလား ကြောင်လား လေတိုက်တာလား သစ်ပင် လှုပ်တာလား ဒါ ဒါမှ မဟုတ် နာနာဘာဝလား။ ဟံမလေး လေး။ ကြောက်ကြောက်နဲ့ လျှောက်ရာက ရပ်။ နောက်ပြန် ဆတ် ခနဲလှည့်ကြည့်လိုက်တော့ ….

ဟာ …
ဘာဆို ဘာမှမတွေ့။ ထူးဆန်းသည် က စောစောက ကြားရတဲ့ အသံ ရုတ်ချည်း ရပ်တန့်သွားတာပဲ။ ကျနော်ပြန်လျှောက်တယ်။ ကျနော် စ လျှောက်ချိန်မှာပဲ အခုန အသံ ပြန်ကြားရတယ်။

ဖလပ် .. ဖလပ် .. ဖလပ်

ကျနော် ခြေလှမ်း အရှိန်ကို ထပ်မြှင့် လိုက်တော့ အသံ ကလည်း ပိုမြန်လာတယ်။ ဟာ … ဟုတ်တော့ ဟုတ်နေပြီ။ ဒါ သရဲ။ ဘူတာရုံ သရဲ။ ကျနော့ကိုခြောက်ဖို့ နောက်က လိုက်နေတာ။ ဘာလုပ်ရမလဲ။ လုပ်တတ်တာ တစ်ခုတော့ရှိတယ်။ အဲဒီ တစ်ခုပဲ လုပ်မယ်။ ဟုတ်ပြီ။ လုပ်ပြီကွာ …

သြကာသ သြကာသ သြကာသ အဲ ဟုတ်ပါဘူး သံ သံ သံဗုဒ္ဓေ အဌ ဌ ဌ ဝီသဉ္စ ဒွါရ ရ ရ သဉ္စ သ ဟ ဠကြီး အ။ အာ .. ငါ့နှယ်နော် ဘာတွေဖြစ်နေတာလဲ အရေးအကြောင်းဆိုမှ အယောင်ယောင် အမှားမှားတွေ ဖြစ်နေပြန်ပြီ ။

ခြေလှမ်းတွေ သုတ်ခြေတင်ပြီးလျှောက်လိုက်တော့ မြေနီလမ်းလေးဆုံးလို့ ကတ္တရာ လမ်းမပေါ်ရောက် လာ တယ်။ ဒီ အထိ ကိုယ်တော်ချောက လိုက်လာဆဲ။ ကတ္တရာ လမ်းမပေါ်ရောက်တော့ စောစောက ဖလပ်ဖလပ် အသံက ရှပ် ရှပ် မြည်လာတယ်။

ရှပ် .. ရှပ် .. ရှပ် .. ရှပ်

ကျနော် မရတော့ဘူး။ ရှူရှူးတွေ ထွက်လို့ အီအီးတွေပါ ပါချင် လာပြီ။ နောက်ကျတဲ့ခြေထောက် သစ္စာဖေါက် ဟဲ့ ဆိုပြီး တစ်ချိုးတည်းပြေး လိုက်တာ အိမ်ရှေ့ကို ဘယ်လိုရောက် လို့ ရောက်လာမှန်း မသိတော့ ဘူး။ မော ရမှန်း မသိ ပမ်းရမှန်း မသိ။ နောက်လည်း လှည့်မကြည့်မိတော့။ အိမ်ခြံစည်းရိုးဝ အရောက်မှာ ဖိနပ်တောင် မစီးနိုင်တော့ပဲ ခြံဝ မှာတင် ဖိနပ်ကို ချွတ်ထားခဲ့ပြီး အိမ်ထဲပြေးဝင်ခဲ့တယ်။

မောကြီး ပမ်းကြီးနဲ့ အိမ်ထဲပြေးဝင်လာတဲ့ ကျနော့ ကို ဘာဖြစ်လာတာလဲ ဝိုင်းမေးကြတယ်။ ဒါပေမယ့် ကျနော် စကားမေးတောင် မရပဲ သတိ လစ်သွားတော့တယ်။ ဘယ်လောက် အချိန်ကြာသွားလဲ မသိဘူး။ ကျနော် သတိပြန်လည်လာတော့ မနက် ရှစ်နာရီခွဲနေပြီ။ 
 
ညကဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံ ကို အိမ်သားတွေ အားလုံးကို ပြန်ပြောပြတော့ ကျနော့ အဖေကို တစ်ယောက် တည်း လွှတ်ရပါ့မလား ဆိုပြီး ဝိုင်း အပြစ်တင်ကြပါလေရော။ ကျနော့ အဖေလည်း မျက်လုံး ပုတ်ခပ် ပုတ်ခပ်နဲ့ ဖြစ်နေရှာတယ်။ အမေ ကတော့ ငါ့သားလေး ကံကောင်းလို့ဆိုပြီး ပြောနေရှာတယ်။

တစ်ကယ်ပါဗျာ။ ကျနော် ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံးဖူးခဲ့ဘူး။ သရဲ ဆိုတာတော့ ကြားဖူးတယ်။ လက်တွေ့ အခြောက် ခံရတာတော့ ဒါ ပထမဆုံး အကြိမ်ပဲ။ ဒီ အကြောင်းကို ကျောင်းရောက်ရင် သူငယ်ချင်းတွေ ကို ပြန်ပြောပြရမယ်လို့ တေးထားလိုက်တယ်။

ကျနော် လှဲနေရာက ထပြီး ရေမိုးချိုး ထမင်းစား အဝတ်အစား လဲပြီး ကျောင်းသွားဖို့ အိမ်ရှေ့ထွက်လာတော့ ဖိနပ်က ရှာမတွေ့ဘူး။ နောက်မှ သတိရတယ်။ ညက ကြောက်ကြောက်နဲ့ ခြံဝ မှာ ချွတ်ထားခဲ့တာပဲ။ သွားကြည့်တော့ …

ဟင် … ညက သရဲ

ဟုတ်တယ် ညကခြောက်တဲ့ သရဲက အခုထိ ရှိနေတုန်း။ ဒင်းက ကျနော့ ဖိနပ်မှာ။ မနက် အလင်းကြီး ဆိုတော့ ကြောက်စိတ်တွေ လည်း မရှိတော့ဘူး။ ဘာရမလဲ သရဲ ကို ဂုတ်ကကိုင် ခါးလိမ် ချိုးပြီး ခြံထောင့်က အမှိုက်ပုံ ထဲ ပစ်ထည့်လိုက်တယ်။ ကိုယ့်ကိုယ်လည်း ငါကွ လို့ ဟစ်လိုက်သေးတယ်။ 
 
သရဲ ကို ဂုတ်ကကိုင်ပြီး ခါးလိမ်ချိုးတာ ကျနော်တစ်ယောက်ပဲ ရှိတာမဟုတ်လား။ အခုအချိန်မှာ ကျနော် သရဲမကြောက်တော့ဘူး။ မကြောက်ဆို ကျနော် ဂုတ်ကိုင်ပြီး ခါးလိုက်ချိုးလိုက်တာ ညက ဘူတာရုံလမ်း မှာ နောက်က တကောက်ကောက်လိုက်ပြီး ဖလပ် ဖလပ် ရှပ် ရှပ်နဲ့ ခြောက်တဲ့ ကောက်ညှင်းထုပ် ဖက်ကြီး ဖြစ်နေ တာကိုး။ ဟား ဟား ဟား ဟား …

ညက ကြုံခဲ့ရတဲ့ ဘူတာရုံ သရဲအကြောင်း ကျောင်းရောက်ရင် ဘယ်သူမှ ပြောမပြတော့ဘူး။
နောင်လည်း ဘယ်သူ့ကိုမှ ပြောမပြတော့ဘူး ဟီး ဟီး …..

Written by မှတ်စုရေးသူ @ mynotesite.bs.com 
 
 

No comments:

Post a Comment