Sunday, July 31, 2016

လပေါ် လူရောက်ခြင်း ကို ဗြိတိန်နိုင်ငံသား ထက်ဝက်ကျော် မယုံကြည်

  

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ (၂၀) တွင် နီးလ်အမ်းစ်ထရောင်း သည် လပေါ် ပထမဆုံး ရောက်ရှိသည့် ပထမဆုံး လူသားဖြစ်လာခဲ့သော်လည်း ဗြိတိန်နိုင်ငံသား (၅၂) ရာခိုင်နှုန်း က အပိုလို (၁၁) အာကာသယာဉ် လပေါ် သို့ ရောက်ရှိခြင်း သည် လိမ်လည်ပြောဆိုခြင်းဟု သတ်မှတ်ထားနေဆဲ ဖြစ်ကြောင်း လေ့လာမှု တစ်ခု က ဖော်ပြလိုက်ပြီ ဖြစ်သည်။

          ဗြိတိန်နိုင်ငံသား အသက် (၂၅) မှ (၃၄) နှစ်ကြား လူအများစု သည် လပေါ်လူရောက်ခြင်းကို ယုံ တစ်ဝက် မယုံ တစ်ဝက် ဖြစ်နေပြီး၊ (၇၃) ရာခိုင်နှုန်း က လပေါ် အာကာသယာဉ် ဆင်းသက်ခြင်းသည် လိမ်စဉ်ကြီးသာ ဖြစ်ကြောင်း ယူဆနေသည်။

          လပေါ် လူရောက်သည့် အဖြစ်အပျက် ကို ရုပ်မြင်သံကြား မှ တစ်ဆင့် ကြည့်ရှုခဲ့ရသည့် အသက် (၅၅) နှစ်ကျော် အရွယ်များ အနက် (၃၈) ရာခိုင်နှုန်းက သာ လပေါ် လူရောက်ခြင်း ကို လိမ်လည်ပြောဆိုမှု ဟု ထင်မြင်ခဲ့ကြသည်။ ဓာတ်ပုံ များ၊ ဗီဒီယို မှတ်တမ်းများ၊ အာကာယာဉ်၊ လပေါ်ရှိ ကျောက်ခဲ နမူနာများနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများ ရှိခဲ့သော်လည်း လူအများစု သည် လပေါ်သို့ အာကာယာဉ် ဆင်း သက်ခြင်း အပေါ် သံသယ ရှိနေဆဲ ဖြစ်သည်။

          လ မျက်နှာပြင်ပေါ်တွင် အမေရိကန် အလံ ကို စိုက်ထူပြီးနောက် အလံ လွင့်နေပုံ၊ အာကာသ ယာဉ်မှူး များ ရိုက်ကူးခဲ့သည့် ဓာတ်ပုံ တွင် ကြယ်များ ကို မမြင်ရမှု တို့ကြောင့် လပေါ် လူရောက်ခြင်းမှာ လိမ်လည်ခြင်းသာ ဖြစ်သည်ဟု ယူဆနေကြခြင်း ဖြစ်သည်။


 
          လပေါ် လူရောက်ခြင်းကို မယုံကြည်ကြသော်လည်း စစ်တမ်းဖြေဆိုသူ (၂၄) ရာခိုင်နှုန်း ကမူ ဂြိုဟ်သား များ ရှိခြင်း ကိုမူ ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် စစ်တမ်းဖြေဆိုသူ (၆၄) ရာခိုင်နှုန်းက ကမ္ဘာပေါ်တွင် တစ်ချိန် က ဒိုင်နိုဆော များ လှည့်လည် သွားလာခဲ့သည်ကို မယုံကြည်ကြောင်း ပြောဆို ခဲ့သည်။

           စစ်တမ်းဖြေဆိုသူ (၃၀) ရာခိုင်နှုန်းက သရဲ တစ္ဆေများ ရှိသည် ကို ယုံကြည်ကြောင်း ပြောဆိုခဲ့ပြီး၊ (၁၂) ရာခိုင်နှုန်းက စုန်းထီးနှင့် စုန်းမ များ ရှိသည်ကို ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ ငါးရာခိုင်နှုန်း က နဂါး များ ရှိသည်ကို ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

          အသက် (၁၈) နှစ်နှင့် အထက် ဗြိတိန်နိုင်ငံသား (၁၀၀၃) ဦး တို့ကို အတောမစ် သုတေသန ဌာန က စစ်တမ်းကောက်ယူ ခဲ့ခြင်း ဖြစ်သည်။


လူလူငြိမ်း
လန်ဒန် ၊ ဇူလိုင် ၂၂

Source:DM
 http://www.messengernewsjournal.com/General/Eventure/detail.php?id=52248



No comments:

Post a Comment