Tuesday, August 30, 2016

မျိုးချစ် တေးဂီတ ပညာရှင်ကြီး သဟာယ ဆရာတင်



ခေတ်ဟောင်း တေးဂီတ ပညာရှင် ကြီးများထဲတွင် ၀ိုင်အမ်ဘီ ဆရာတင် နန်းတော်ရှေ့ ဆရာတင်၊ သဟာယ ဆရာတင် ဟူ၍ ထင်ရှားသူ သုံးဦး ရှိခဲ့ရာ  သဟာယ ဆရာတင် က အငယ်ဆုံး ဖြစ်ပါသည်။

ရန်ကုန် အရှေ့ပိုင်းရေ ကျော် ရှိ လူငယ်များဖြင့် ဖွဲ့စည်းထား သော  လူငယ်မြှင့်တင်ရေး သဟာယ အသင်းတွင် ပါဝင်သူဖြစ်သဖြင့် သဟာယ ဆရာတင် ဟု အမည်ထင်ရှား ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ် တို့ လက်အောက် မှ လွတ်လပ်ရေး ရယူနိုင်ရန်အတွက် ကြိုးပမ်းကြ ရာတွင် သဟာယဆရာ တင် သည်လည်း ဂီတ ပညာဖြင့် တစ်တပ် တစ်အား ပါဝင်ခဲ့ပါသည်။

”ဗမာ့ လွတ်လပ်ရေး အတွက် တပ်မတော် ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊
တစ်ကယ်ပဲ အသက်နဲ့လဲလို့၊ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် ..
သူရဲကောင်း တဲ့ ဗိုလ်အောင်ဆန်း နဲ့အာဇာနည်တွေရယ် ၊

ငါတို့ ဗမာပြည် မိဘတိုင်း ကရယ်
ဗိုလ်အောင်ဆန်း လို သူရဲကောင်းတွေ မွေးရမယ် ..
ငါတို့ ဗမာပြည် မိဘ အပေါင်းကကွယ်
အာဇာနည် အစစ်တွေကို ရှိဖို့မွေးရမယ်"

'ရာဇ၀င် အတ္ထု ပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့၊
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်'။ စသည့် အပိုဒ် က ထို သီချင်းကို  အမြဲတစေ မှတ်မိနေခဲ့စေသည်။

'ဗမာ့ လွတ်လပ်ရေး' သီချင်း ၏ မူလ အမည်က 'ဗမာ့သူရဲကောင်း' ဖြစ်သည်။  ၁၉၄၂ ခုနှစ် အချိန်မှာပင် အဆိုတော် တက္ကသိုလ် မျိုးချစ် က ရန်ကုန်မြို့တော်ခန်းမ ၌ ပွဲဦးထွက် အနေဖြင့် ပရိသတ်ကို သီဆိုပြခဲ့သည်။

'ဗမာ့ လွတ်လပ်ရေး သီချင်း' ပေါ်ထွက်လာစေရန် စည်းရုံးဆော်သြခဲ့သူမှာ ကာယဗလ ဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု  တိုက်ပွဲကာလ အတွင်း တပ်သားသစ် များစွာကို ထို သီချင်းဖြင့်  စည်းရုံးနိုင် ခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကို ပမာတင်၍ ရဲစိတ်သွင်း ခဲ့သော သီချင်းဖြစ်သည်။

ဇာတိသွေး ဇာတိမာန် တက်ကြွစေသော  ဗမာ့သားကောင်းသီချင်းကို ရေးဖွဲ့ခဲ့သူ မှာ ဂီတ ပညာရှင်ကြီး
သဟာယ ဆရာ တင်ပင်ဖြစ်ပါသည်။


သဟာယ ဆရာတင် ၏ အတ္ထုပ္ပတ္တိ

သဟာယ ဆရာတင် ကို ၁၁ ဇွန် ၁၉၁၀ပြည့်နှစ်တွင် ပြည်မြို့ ပွဲစား တန်းရပ်၌  ပွဲစားကြီး ဦးဖိုးလူနှင့်ဒေါ် ဒေါ်အုန်း တို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်ကပြည်မြို့ ဟိုက်စကူးကျောင်း တွင် ပညာ ဆည်းပူး ခဲ့ပြီး ခုနစ်တန်း အထိ အောင်မြင်ခဲ့သည်။

ဆရာတင် သည် ငယ်စဉ်ကပင် ဂီတပညာ ကို ၀ါသနာ ပါသူဖြစ်၏။  မိဘများက မနှစ်သက် သဖြင့်ကျောင်း  ပိတ်ရက် တွင် သူငယ်ချင်းများနှင့် အတူ ရန်ကုန် သို့ သွားရောက် လည်ပတ်ခဲ့ရာ သုံးနှစ် ခန့်ပင်ကြာမြင့်ခဲ့သဖြင့် မိဘများ စိတ် ပူကြရသည်။

ရန်ကုန် အင်္ဂလိပ်မက် သဒစ်ကျောင်းတွင် ကျောင်းဆက် လက်နေဖြစ် ခဲ့သော်လည်း ရေကျော် သဟာယ   အသင်း ၌သာ အချိန်ကုန် နေတတ်လေသည်။  တစ်ကြိမ်တွင် အားကစားပွဲ ၌ သဟာယ အသင်း  အ နိုင်ရ၍ ယူနီဗာစီတီမြသန်းကြည် အငြိမ့်ဖြင့် ကပြဖျော်ဖြေခဲ့ရာ မောင်တင် က သဟာယ အသင်း အကြောင်းကို အခြေခံလျက် သီချင်းတစ်ပုဒ်ရေး ဖွဲ့ခဲ့သည်။ ထို့နောက် မောင်တင် ကျောင်းဆက်မနေတော့ဘဲ သီချင်း ရေးဆရာတစ်ဦး ဖြစ်လာခဲ့သည်။



အာရှလူငယ် အစည်းအရုံး

ဂျပန်ခေတ်ကာလ အတွင်း ၂၇ ဇွန် ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ဘောင်ဒရီလမ်း၊ စက်မှု လက်မှုကျောင်းနေရာ၌ အာရှလူငယ် အစည်းအရုံး ကို ဖွဲ့စည်းခဲ့သည်။ ဂျပန် စစ်တပ်မှ လူငယ် အချို့နှင့် မြန်မာ လူငယ် အချို့ ပူးပေါင်းကာ အရှေ့အာရှတိုက် သာတူညီမျကောင်းစားရေး ၀ါဒ ကို အကောင် အထည်ဖော်ရန် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး နာမည် အပြည့်အစုံမှာ အရှေ့အာရှ တိုက် လူငယ်များ အစည်းအရုံး ဖြစ်ပါသည်။

ဂျပန် စစ်တပ် ပညာရေးနှင့် ၀ါဒ ဖြန့်ချိရေးဌာန မှ t r e n g t h o fဲ  စာအုပ်ကိုပေးအပ်ခဲ့ရာ သခင်ဘသောင်း က မြန်မာ ဘာသာပြန်ဆိုပြီး အာရှလူငယ် သင်တန်း၌ ပို့ချပေးပါသည်။ ထိုစဉ် သီချင်းတစ်ပုဒ်ရေး၍ ၀ါဒဖြန့် ချိရလျင် ပိုမို ထိရောက်နိုင်မည်ဟု တွေးဆမိခဲ့ကြသည်။

အာရှလူငယ် အမှတ်(၁) အာရှလူငယ် အစည်းအရုံးမှ အမှုဆောင်များ  စုပေါင်း ဆုံးဖြတ်ကြ ပြီး နောက် ကန်တော်မိတ် ကွက်သစ် နေ သဟာယ ဆရာတင် အား အာရှ လူငယ် အစည်းအရုံး သို့ဖိတ်ခေါ်ကာ ဥက္ကဋ္ဌ ဦးဘဂျမ်းနှင့် အမှုဆောင်များ က ရှင်းလင်းပြောကြားကြပါသည်။  ယင်းနောက် သဟာယဆရာတင် ၏ ကြိုးပမ်း အားထုတ် စပ်ဆိုမှုဖြင့်  အာ ရှ လူငယ် အမှတ် (၁) သီချင်းပေါ်ထွက် လာခဲ့သည်။ 

” ရာဇ၀င်တွင် ထင်ရှား အောင်ကွယ်၊ လူငယ်တွေကြိုးစား မောင်မယ်”  စသည်ဖြင့် လူငယ် များ က သံပြိုင် သီဆိုကြပြီး ဂီတပညာရှင် များက  ဘင်ဂျို  မယ်ဒလင် များဖြင့် တီးခတ်ပေးခဲ့ကြသည်။



ဘီအိုင်အေ မှ ဘီဒီအေသို့

ဒုတိယ ကမ္ဘာစစ် မြန်မာနိုင်ငံ သို့ ကူးစက် လာချိန်တွင် ဗြိတိသျတပ် များ ဆုတ်ခွာသွားပြီး ရဲဘော်သုံးကျိပ် ဦးဆောင်သော ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) သည် ဂျပန် တပ်များနှင့် အတူမြန်မာနိုင်ငံ  အတွင်း သို့ဝင်ရောက်လာခဲ့၏။ မြန်မာ တစ် နိုင်ငံလုံးရှိ  အုပ်ချုပ်ရေးအဖွဲ့များ အား ဘီအိုင်အေ ကကြီးမှုး ဖွဲ့စည်းပေးခဲ့ပြီး နောက် ကိုယ်ပိုင် အုပ်ချုပ်ရေး ထူ ထောင်ရန်ကြိုးပမ်းစဉ် ဂျပန် တပ်မတော်က မြန်မာတစ်နိုင်ငံလုံးကို အုပ်စီး လိုက်ပါသည်။ ၂၇ ဇူလိုင် ၁၉၄၂ တွင် ဘီအိုင်အေ အား ဘီဒီအေခေါ် ဗမာ့ ကာကွယ်ရေးတပ်မတော် အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်၏။

သြဂုတ်လ ၈ ရက်နေ့တွင် စစ်သေနာပတိ ဗိုလ်မိုးကြိုး နေရာ ၌ ဗိုလ်ချုပ်အောင်ဆန်း ကို ခန့်အပ် လိုက်သောအခါ ကာယဗလ ဦးရှိန် ဦးစီးပြီး အာရှလူငယ် အစည်းအရုံး ၀င် များနှင့် ပူးပေါင်း တိုင်ပင်လျက် မြို့တော်ခန်းမ ၌ ဂုဏ်ပြုပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ယင်းပွဲ၌ သီဆိုရန် သီချင်း ကိုလည်း သဟာယ ဆရာတင် ကပင်ရေးစပ်ပေးခဲ့ ရရာ ဗမာ့ သူရဲ ကောင်း သီချင်းပေါ်ထွက်လာခဲ့၏

ဂုဏ်ပြုပွဲတွင် အာရှလူငယ် အမှု ဆောင် ကိုဘခင် (နောင် ရုပ်ရှင်နှင့် ပြဇာတ် မင်းသား မျိုးချစ်) က ဘီဒီ အေယူနီဖောင်း ၀တ်ပြီး စင်ပေါ်တက် ၍ သီဆိုဖျော်ဖြေခဲ့သည်။ စန္ဒယား မြမောင် က စန္ဒယားဖြင့် တီးခတ်ပေး ၏။  ဤသီချင်း  ကို ပရိသတ်  အလွန်နှစ်ခြိုက်ကြသဖြင့်နှစ်ကြိမ်တိုင် သီဆိုပြခဲ့ရသည်။



သဟာယ ဆရာတင် ၏ သီချင်းများ
သဟာယဆရာတင်သည် ဓမ္မတေး၊ မေတ္တာတေးများကိုလည်း ရေးဖွဲ့ခဲ့ရာ အများစုကို အဆိုတော် မေရှင်ကသီဆိုခဲ့ပါသည်။ တစ်ခေတ် တစ်ခါက မြန်မာ့အသံမှ နံနက်ချိန်ခါတေးသံသာအဖြစ်ထုတ် လွှင့်လေ့ရှိသည့်

”မေတ္တာဓာတ် နဲ့ ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်း ခဲ့အောင် ခြင်း ပထမပါ” စသည့် တေးစာသား များပါဝင်သော အောင်ခြင်း ရှစ်ပါး သီချင်း မှာ သဟာယဆရာတင် ၏ လက်ရာများထဲမှ ထင်ရှားသည့် ဓမ္မ ပူဇာတေးတစ်ပုဒ်ဖြစ် ပါသည်။

ထို့ပြင် .............

”ရွှေပြောင်ပြောင်၊ တောင်ပေါ်က ဘုရား၊ မယ်နှင့် မောင်  သစ္စာထားကာ ပေါင်းရပါစေသား ဆုတောင်းမည်၊
နန်းနိဗ္ဗာန် စိတ်က ရည်လို့၊ တူစ်စုံ ဓိဌာန် သည်” တေးစာ သားများပါ ”ရွှေပြောင်ပြောင်” သီချင်း မှာလည်း 
သဟာယဆရာတင် ရေးဖွဲ့ပြီး မေရှင် သီဆိုခဲ့သော တေးတစ်ပုဒ်ဖြစ် ပါသည်။

”ဆောင်တော် ကူးကာ ဆွတ်ခူးတော့မယ် သခင်ရယ်၊ 
တစ် ပွင့်ထဲ ပန်းကို၊ နမ်းနိုင်ပေ ရဲ့ ရွှေရည် လွှမ်းတဲ့ မြပန်းခက် ကို၊ 
သူ့လက် လှမ်းကာ ချစ်ရေစင်ဖြန်းတယ်” စသည့် တေးစာသားများပါ  သဟာယဆရာ တင်၏ ”ချစ်ရေစင် ”သီချင်း မှာ အဆို တော် မေရှင် ၏  အသံနှင့်   လိုက်ဖက် လှပြီး   ယနေ့တိုင် ထင်ပေါ်ကျော် ကြားဆဲတေး  တစ် ပုဒ်ဖြစ် ပါသည်။ 

သဟာယ ဆရာတင် သည် တေး စာသား အနုအရွကလေးများ ကိုရေး ဖွဲ့သီကုံးရာ ၌ ၀ိုင်အမ်ဘီ ဆရာတင်၊ နန်းတော်ရှေ့ဆရာတင် တို့နှင့် မတူ ဘဲ တစ်မူ ထူးခြားနေပါသည်။ ခေတ် ဟောင်း အဆိုတော်ကြီး မေရှင် ပင် သီဆိုခဲ့သည့် မဲဇာမြိုင် သီချင်းတွင်

”မဲဇာတောင်ခြေစီးထွေထွေ၊ အုံ့ဆိုင်း မှိုင်းဝေေ၀”  ဟူသော ခြေဆင်းဖြင့် အစပျိုး ထားပြီး
”ငွေသောင်ယံ ကမ်း ခြေ လွမ်းဖွယ်တွေ၊ တည့်မွန်းနေ ခြည်ဖြာမှနွေးမယ့် မဲဇာမြိုင်တော ခြေ” စသည့် သံပြိုင်ပိုဒ်များ ထည့် သွင်းရေးဖွဲ့ထားပုံမှာ တစ်မျိုး တစ် ဘာသာ ထူးခြားနေပေသည်။
 
လက်ဝဲ သုန္ဒရ အမတ်ကြီး ၏ မဲဇာတောင် ခြေရတုကို သူ့ခေတ်သူ့ခါအလျောက် နားဝင် ချိုစွဲမက်ဖွယ် သံစဉ် ထည့်သွင်း ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

သဟာယဆရာတင် ၏ လက်ရာ စန္ဒကိန္နရီ သီချင်း ကိုမူ မလှရွှေ က  သီ ဆို ဓာတ်ပြား သွင်းခဲ့ပါသည်။ ရှည် လျား လှသည့် သီချင်း စာသား များ ဖြင့်  ခန်းနား ထည်ဝါစွာ ရေးဖွဲ့ စပ် ဆို ခဲ့သည့် ဂန္တ၀င်တေးသီချင်း
တစ် ပုဒ်ဖြစ်ပါသည်။ သဟာယဆရာတင် ရေးဖွဲ့ခဲ့သည့် တေးသီချင်းများ မှာ  ပုဒ်ရေ နှစ်ရာကျော် ရှိပြီး
 ခွေး တံဆိပ် နှင့် ကိုလံဘီယာ ဓာတ်ပြား ကုမ္မဏီ တို့  အတွက် ပုဒ်ရေ ငါးဆယ်၊
 အေ၀မ်း ရုပ်ရှင်ကုမ္မဏီ အတွက် ရုပ်ရှင် သီချင်း ပုဒ်ရေ သုံးဆယ်ခန့် အပါ အ၀င်ဖြစ် ပါသည်။



လွမ်း မပြေတဲ့ ပန်းခွေ

၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တစ်ကွ အာဇာနည် ခေါင်းဆောင်ကြီး များ ကျဆုံး  သွား ကြသော အခါ ဗိုလ်ချုပ်အပေါ် အလွန် လေးစားကြည်ညိုသူ သဟာယဆ ရာတင်က  ”လွမ်း မပြေတဲ့ ပန်းခွေ” သီချင်း ကို ကျေကွဲ ၀မ်းနည်းဘွယ် ရေးဖွဲ့သီကုံးခဲ့ပါသည်။

ဘ၀ နိဂုံး

မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း တွင် ဂီတ ပညာဖြင့် တစ်ဖက်  တစ်လမ်း မှ ပါဝင်ခဲ့သူ ဂီတ ပညာရှင် ကြီး သဟာယ ဆရာတင် သည် လွတ် လပ်ရေးရပြီး ကာလ ၁၁ မတ် ၁၉၄၈ တွင် ကွယ်လွန်သွားပါသည်။ သဟာယဆရာတင် ကွယ်လွန်စဉ် ဇနီးဒေါ်သောင်းနှင့် သားမောင်ခင်ညွန့် ၊မောင်ထွန်းမြင့်၊ သမီး မာပျို၊ မာချိုတို့ ကျန်ရစ် ပါသည်။

သဟာယဆရာတင် ကွယ်လွန် သွားသော်လည်း  သူ၏ လက်ရာတေးသီချင်းများ မှာ မြန်မာ့ ဂီတ ပရိသတ်များအကြား  ယနေ့ထက်တိုင် ရေပန်းစားနေဆဲဖြစ်ပါသည်။




ကျမ်းကိုး
၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်း အဘိ ဓာန်(မြဟန်)
၂။ တင်သုံးတင်(မောင်ကောင်းမြင့်) ဖြူနီညိုပြာမဂ္ဂဇင်း၊ ၁၉၇၁ ဇွန်
၃။ ခေတ်ဟောင်းသီချင်းပေါင်းချုပ် (သန်းလှိုင်)
၎။ တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးသီချင်းများ(အတွဲ ၇) ပြန်ကြားရေးဝန်ကြီးဌာန
ရေးသားသူပြုစုသူ ကျော်ထက်ဝင်း နည်းပညာတက္ကသိုလ်-ဘားအံမြေ




No comments:

Post a Comment