Sunday, September 25, 2016

မိဿ ရာသီဖွားများ



မိဿ        ရာသီဖွားများ
(မည်သည့်နှစ် မဆို မတ်လ ၂၁ ရက် မှ ဧပြီလ ၂၀ ရက် အတွင်းမွေးဖွား သူများ)
(မြန်မာ လ-တန်ခူးလ တွင် မွေးဖွားသူများ)


မြန်မာလ တန်ခူးလ တွင် မွေးဖွား သူများသည် မိဿ         ရာသီဖွား များဖြစ်သည်။
မတ်လ (၂၁) ရက်မှ ဧပြီလ (၂၀) ရက်အတွင်း မွေးဖွားသူများသည်လည်း မိဿ        ရာသီဖွား   များဖြစ်သည်။ နက္ခတ် ရာသီ (၁၂) ပါးအနက် ပထမဦးဆုံးသော ရာသီခွင်ဖြစ်သည်။


 ကောင်းကင် မှ ကြယ်များ ၏ ပုံသဏ္ဍာန်သည် တောင်ဆိတ် တစ်ကောင် ပုံပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤ ရာသီခွင်ကို အင်္ဂါဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ် သဘာဝ အရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။

 နှစ်စဉ် မတ်လ (၂၁) ရက်မှ ဧပြီလ (၂၀) ရက် အတွင်းမွေးဖွားသူများသည် (မိဿ         ရာသီဖွား) ဟုသတ် မှတ် ကာ အောက်ပါ ဓလေ့စရိုက်၊ သဘာဝများနှင့် ရှောင်ရန်ဆောင်ရန် မှတ်သား ကျင့်သုံးသင့်ပေသည်။ ထိုကဲ့သို့ ရက် အတိအကျ မသိဘဲ (တန်ခူး လ) အတွင်းမွေးဖွားသူများသည်လည်း မိဿ       ရာသီဖွား အဖြစ် တစ်ထစ်ချ မှတ်ယူကာ အောက်ပါဖြစ်စဉ်များ ကိုလေ့လာ ကျင့်သုံးနိုင်သည်။


မိဿ        ရာသီဖွားများ  ၏  ပင်ကိုယ် စရိုက်သဘာဝများ
မိဿ         ရာသီဖွား  အများစုတို့သည် ပင်ကိုယ် စိတ်ဓါတ် အားဖြင့် အလွန် သဘောထားကြီး တတ်ကြသည်။ လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။ အမြဲတမ်း ကြည်လင် အေးချမ်းစွာနေပြီး ပြုံးပျော် ရွင်မြူးစွာ ပြောဆိုနေတတ်ကြသည်။ ဖြတ်ထိုးဉာဏ်ကောင်းသည်။ ဟာသဉာဏ် ရွှင်သည်။ အပေါ်ယံ အားဖြင့် ဘာမှ အလေးမထားသလို ပေါ့ပေါ့ တန်တန်၊ ဘာသိဘာသာ အသွင် သဏ္ဍာန်နေတတ်သည်။ 


အရေးကြုံသော အခါတွင် ရဲရင့် ထက်မြက်စွာ လုပ်ကိုင်နိုင်စွမ်းရှိကြသည်။ အရေးကြုံသော အခါတွင် ခေါင်းဆောင်နေရာမျိုး တွင်ဝင်ရောက်ကာ တာဝန်ယူ လုပ်ကိုင်နိုင်စွမ်းကြသည်။ ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျှက် မထင်မရှားသာနေတတ်သည်။ ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက် မရှိ။ ကိုယ့် အရည် အချင်းကို ထုတ်ဖော်ခြင်း မရှိ။ ပညာလက်သည်းဝှက် နေတတ်ကြသည်။

သို့သော် မိဿ      ရာသီဖွား များသည် အငြိုးအတေးကြီးသည်။ ရင်တွင်း မာနကြီးမားသည်။ ဒေါသ ထွက်လာလျှင် ကြောက်စရာကောင်း လှအောင် ခက်ထန် လာတတ်သည်။ အလွန်ခေါင်းမာစွာ အရွဲ့တိုက်လိုသည်။ လက်စားချေလိုသည်။ လူတစ်ယောက် အပေါ် ရန်သူဟု သတ်မှတ်လိုက် ပါက မူလက သိမ်မွေ့မှု ၊ လိုက်လျောမှု၊ သဘောထားကြီးမှု တို့ ပျောက်ပြက်ကာ စိတ်ရော ကိုယ်ပါ အငြိုးတစ်ကြီးချေမှုန်းလေတော့သည်။ မည်သည့် အခါတွင်မှ ခွင့်လွှတ်တော့ခြင်း မရှိကာ သေတစ်ပန် သက်တစ်ဆုံး လက်တုံ့ပြန်လေသည်။

မိဿ       ဖွား တို့သည် အမြဲတမ်း လှုပ်ရှား ရုန်းကန် ကြိုးစားနေတတ်ကြသည်။ တစ်ခါ တစ်ရံ တွေဝေ မိုက်မဲစွာ ပြုမူ တတ်ကြပြန်သည်။ ကြောက်လွယ်သော ရဲလွယ်သော သဘော ရှိသည်။ တစ်ခါ တစ်ရံ ဘာမှ မဟုတ်တာလေးများကို တွန့်ဆုတ်နေတတ်ကြပြီး၊ တစ်ခါ တစ်ရံ ရဲဝံ့ပြတ်သားစွာ ပြုမူနေတတ်ကြပြန်သည်။ အကြံအစည်ကြီးသည်။ အပြောကောင်းသည်။ အပေါင်းအသင်း ဆန့်သည်။ အသွားအလာ လျှင်မြန်ဖြတ်လတ် သည်။ အသီးအရွက် ကို ပိုနှစ်သက်သည်။



မိဿ       ရာသီဖွား တို့သည် ဘ၀ ကို အများအားဖြင့် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရသည်။ အခက်အခဲ များစွာကိုလည်း ပခုံးဖြင့် ထမ်းကာ ဖြေရှင်းပေးကြရတတ်သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တို့တွင် သော်လည်းကောင်း အခက်အခဲ၊ အကြပ်အတည်း၊ ဖိနှိပ် ချုပ်ချယ်မှုများ ကို တစ်ချိန်ချိန် တွင် ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီးမှ အောင်မြင်သော ဘ၀များ ကို ရောက်ကြသူများဖြစ်သည်။ ဘ၀ အစတွင် တိုက်ပွဲ ကဲ့သို့ ခက်ခဲကြပ်တည်းပြီးက နောက်ဆုံးမှာ အောင်မြင်တတ်သည်။


အထူးသဖြင့် မိဿ      ဖွား  တို့သည် စိတ်မြန်သည်။ ခေါင်းမာစွာ ငြင်းခုံလိုသည်။ ကိုယ်ကိုင်စွဲသော ၀ါဒ ကို တရားသေ ဆုပ်ကိုင်တတ်သည်။ အစစခေါင်းဆောင်လိုတတ်သည်။ ဘယ်တော့ မှ မလိမ်တတ်။ ဗြောင်ပြောတတ်၊ ဗြောင် လုပ်တတ်သည်။ ပင်ကိုယ် စရိုက်အေးဆေး သလောက် မခံချင်စိတ်ကြောင့် တဇွတ်ထိုး လုပ်ကာ ရုတ်တရက် ထိခိုက်နစ်နာတတ်သည်။




ထို့အပြင် မိဿ       ရာသီဖွား  တို့သည် မိခင်၊ အစ်မ၊ အဖွား ကဲ့သို့သော ကိုယ့်ထက် အသက်ကြီးသော အမျိုးသမီးကြီး တို့၏ သြဇာ လွှမ်းမိုးမှုအောက်တွင် ရှင်သန်ကြရ တတ်သည်။ ဥပမာ-ဘ၀ သက်တာ တစ်လျှောက်လုံး မိခင် စိတ်ချမ်းသာအောင်နေထိုင်ပေးတတ်သည်။ မမြင်အပ်သော နာမ်လောကပိုင်း မှ မယ်တော်ကြီး တစ်ပါးပါး ၏ စောင့်ရှောက်ခြင်း ကိုလည်း ခံရတတ်သည်။ 

မိဿ          ရာသီဖွားတို့သည် ကိုယ်ကျင့် သိက္ခာကို ထိန်းသိမ်းပြီး ကောင်းမြတ်အောင် ပြုမူနေထိုင်ပေးပါက သူမတူအောင် အောင်မြင်  ကြီးပွား  တတ်ကြလေသည်။


မိဿ        ရာသီဖွား   တို့၏ ၀ါသနာနှင့် အလုပ်အကိုင်  အနေအထားများ
မိဿ         ရာသီဖွား   တို့သည် လွတ်လပ်မှုကို အလွန် မြတ်နိုး၏။ စွန့်စားရသော အလုပ် များကို အထူးနှစ်သက် ၏။ ခရီးသွားလာနေရသည် ကို သဘောကျ၏။ ဗဟုသုတ ရှာဖွေ လိုက်စားလို၏။ ဗေဒင် လက္ခဏာ  စသော လောကီ ပညာ များကို ယုံကြည် လက်ခံ၍ လက်တွေ့ စမ်းသပ်ကြည့်လို၏။


မိဿ        ရာသီဖွား တို့သည် ယုံကြည်ချက်နှင့် ရည်ရွယ်ချက် ကြီးမားကြသည်။ သူတစ်ပါး ၏ သြဇာ လွှမ်းမိုးမှုကို အလွန် မုန်းသည်။ စွမ်းဆောင်ချက်နှင့် လုပ်ရည် ကိုင်ရည် ပြည့်ဝသော်လည်း ခေါင်းမာခြင်း၊ ကြာရှည်စွာစောင့်စားရသည်ကို သည်းမခံနိုင်ခြင်းတို့ကြောင့် အောင်မြင်ခါနီး မှ လက်လွတ် သွားရသော အခြေအနေမျိုး မကြာခဏကြုံရတတ်သည်။ စိတ်ရှည်ပါ။ 


ထိုမျှသာ မက မိမိ အရွယ်ရောက်ချိန်တွင် မိဘများ စီးပွား ကျဆင်းသွားချိန်နှင့် တိုက်ဆိုင်သွားမှုမျိုး၊ မောင်နှမသားချင်းတို့၏ ဒဏ်ကို  ခံရခြင်းတို့ပါ ကြုံရတတ် သဖြင့် စီးပွားရေးတွင် စိတ်ရှည်စွာ ကြိုးစားပေးမှ အောင်မြင်တတ်သည်။ အတိုက်အခံ များနှင့် ကြုံသော အခါ မိုက်ရူးရဲ တစ်ဇွတ်ထိုး လုပ်သဖြင့် နစ်နာတတ်သည်။ အလုပ် မကြာခဏပြောင်းလုပ်ခြင်းကို ရှောင်ပြီး တစ်ခုတည်း စွဲမြဲစွာ လုပ်သွားပါက အထူးအောင်မြင်သူများဖြစ် ၏။  ထို့အပြင် ဘာသာရေး  ဦးထိပ်  ပန်ဆင်ပြီး လုပ်ပါက အထူးအောင်မြင်တတ်၏။

မိဿ        ရာသီဖွား  တို့သည် စစ်ဘက်တွင် အထူး ကောင်းကျိုးပေး၏။ ဆေးဘက်တွင် ပါရမီထူး၏။ စစ်ဘက်၊ စက်မှု၊ ဆေးပညာ၊ သတင်းထောက်၊ စိုက်ပျိုးရေး၊ အချက်အပြုတ် တို့တွင် အထူးကောင်းကျိုးပေး၏။



မိဿ         ရာသီဖွား  တို့၏ အချစ်ရေးနှင့် အိမ်ထောင်ရေး အနေအထားများ
မိဿ         ရာသီဖွား  တို့သည် နှလုံးသားရေးတွင် စိတ် အပြောင်း အလဲ မြန်သည်။ ဆုံးဖြတ်ချက် မပြတ် မသားဖြစ် တတ်သည်။ ကိုယ့် ချစ်သူနှင့် နားလည်မှု လွဲမှား သဖြင့် မကြာ ခဏ ချစ်သောက ဝေဒနာ တို့ ကြိတ်ပြီး ခံစားရတတ်သည်။ အချစ်ရေး တွင် ကိုယ်တိုင် က စိတ်လှုပ်ရှားမှု များစွာဖြင့် အယုအယ အကြင်နာခံလိုတတ်ငြား ကိုယ်တိုင်က အေးတိအေးစက်နေတတ်သဖြင့် အဆင်မပြေဖြစ်တတ်သည်။ 


ထို့အပြင် ကိုယ်ထင်ရာ တစ်ဇွတ်ထိုး ဆုံးဖြတ်ပြီး တစ်ယောက်မကောင်း တစ်ယောက်ပြောင်း ဟူသော စိတ်ဓါတ်ကြောင့် မှားယွင်းတတ်သည်။ အချစ်ဦး ၏ ပစ်သွားခြင်းခံရတတ်သည်။ မိဿ        ဖွား တို့သည် လွှမ်းမိုးနိုင်စွမ်းသော၊ စိတ်လှုပ်ရှားစေနိုင်စွမ်းသော၊ သူကိုသာ ရှာဖွေတတ်ကြသည်။

မိဿ         ရာသီဖွား  တို့သည် အိမ်ထောင်ဖက်ရွေးချယ်သော အခါ တွင် နှလုံးသား မှ ဆန္ဒထက် ကိုယ့်  အိမ်ထောင်ဖက်သား အပေါ်တွင် သနားစိတ်၊ သနားချစ်ဖြင့် ရွေးချယ်တတ်ကြသည်။ မိဿ      ရာသီဖွား  တို့သည် အိမ်ထောင်ရေးတွင် ဦးနှောက်  ကို ဦးစားပေးဆုံးဖြတ်ရွေးချယ် ပါက ပို၍  စိတ်ချမ်းသာကြရတတ်သည်။ မိဿရာသီဖွား များ ကိုယ်တိုင် ရုပ်ရည် တင့်တယ် တတ်ရုံသာမက ဆွဲဆောင်အားကောင်းသော မျက်ဝန်း၊  စူးရှတောက်ပသော မျက်ဝန်း တို့ကို ပိုင်ဆိုင်ထားတတ်ကြသည်။ 

အထူးသတိပြုရန်မှာ .....   မိဿ         ရာသီဖွား  တို့ သည် ဆွေမျိုး နီးစပ်ချင်း ချစ်ကြိုက်နှစ်သက်မိ တတ်၍ သတိထားရှောင်ရှား သင့်သည်။ သို့သော် မိဿ       ရာသီဖွား  တို့သည် ဣနြေ္ဒရရ ထိန်းသိမ်းနိုင်သူများဖြစ် သဖြင့်  အဆင်ပြေသွားမည်သာဖြစ်သည်။ ဓနု ရာသီဖွား၊ တူ ရာသီဖွား တို့နှင့် အိမ်ထောင်ဖက် သင့်သည်။

မိဿ       ရာသီဖွား   တို့၏ ကျန်းမာရေး အနေအထားများ
မိဿ         ရာသီဖွား  တို့သည် ကျန်းမာရေးကောင်းမွန်နေသည် က များတတ်ပေသည်။ ရောဂါကြီး ဟူ၍ထွေထွေ ထူးထူး မရှိတတ်ပါ။ သို့သော် အဖျားကြီးခြင်း၊ ကူးစက်ရောဂါဖြစ်ခြင်းတို့ အများစုဖြစ်တတ်သည်။ မိဿ   ရာသီဖွား  များသည် အသားထက် အသီးအရွက်ကို  ပို ကြိုက်၏။ ကျန်းမာရေး  အတွက် ကြက်သွန်နီ၊ ချင်း၊ ငရုတ်ကောင်း တို့ကို ဓါတ်စာ အဖြစ် မကြာခဏ စားသုံးသင့်ပေသည်။

မိဿ        ရာသီဖွား   များ၏ ဘ၀  အနေအထား

မိဿ       ရာသီဖွား   များသည် အသက်   (၇၊ ၁၉၊ ၃၀၊ ၃၉၊ ၄၄)နှစ်  များတွင် အညံ့အဆိုး များ ကြုံတွေ့ ရတတ်သည်။ အသက် (၁၅)နှစ် မှ (၁၉)နှစ်  ကြားတွင် ဘ၀ တစ်ဆစ်ချိုးပြောင်းလဲ တတ်သည်။ အသက် (၁၉)နှစ် မှ (၃၀)နှစ်  ကြားတွင် ပင်ပန်းစွာ ရုန်းကန် လှုပ်ရှား ရတတ်သည်။ 


အသက် (၂၃)နှစ်မှ (၂၈)နှစ်ကြားတွင် ထင်မှတ် မထားသော အခြေအနေများ ကြုံပြီး ဘ၀ အဆင့် အတန်းမြင့် တတ်သည်။ အသက် (၃၅)နှစ်မှ (၃၉)ကြားတွင်လည်းကောင်း၊ အသက် (၄၅)နှစ်မှ (၄၇)နှစ် ကြားတွင် လည်းကောင်း၊ အသက် (၅၁)နှစ်မှ (၅၃)နှစ်ကြားတွင်လည်းကောင်း အံ့သြစရာကောင်းလောက်အောင် ကို တိုးတက်အောင်မြင်တတ်ပေသည်။ 

သို့သော် အသက်(၃၅)နှစ်တွင် ကျန်းမာရေး အထူး ဂရုပြုသင့်သည်။ အသက် (၃၆)နှစ်တွင် မရဖူးသေးသော စည်းစိမ်များ  ရတတ်သည်။ အသက်  (၅၆)နှစ်တွင် အထွတ် အထိပ်ရောက်အောင်ကြီးပွား တတ်သည်။ အသက် (ရ၆)နှစ်တွင် အသက် အိုးအိမ် စည်းစိမ် ထိပါးလောက်အောင် ကျန်းမာရေး ညံ့တတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေး တို့မှာ (၂၁) မှ (၂၆) အတွင်း ချောမွေ့တတ်သည်။ အိမ်၊ အလုပ်၊ အိမ်ထောင် အပြောင်းအလဲများသည်။


မိဿ       ရာသီဖွား  များ သတိထားရမည့် ဘေးအန္တရယ်
မိဿ       ရာသီဖွား  များ သတိထားရမည့် ဘေး  အန္တရယ်များမှာ မီးဘေး  သတိထားရမည်။ လျှပ်စစ်မီး ရှောစ့်ဖြစ် တတ်သည်။ စက်ကရိယာ တို့ ထိခိုက်တတ်သည်။ လက်နက် ခဲယမ်းမီးကျောက် ပေါက်ကွဲမှု ကို သတိပြုရမည်။ သို့သော် ယေဘုယျ မျှသာဖြစ်ပြီး သတိထား သွားလာဆောင်ရွက်က ဥပဒ်ကင်းမည်။


 ဦးခေါင်းနှင့်ခြေထောက် တို့တွင် ထိခိုက်ဒဏ်ရာ ရတတ်သည်။ မိဿ       ရာသီဖွားများ  အနက် အရက်သေစာသောက်စားသူများ မှာ ထို ဥပဒ်အန္တရယ်မျိုး  အဖြစ်များပြီး မိန်းမ  အဖျက်ပါ ကြုံတွေ့ရတတ်သည်။ သူတစ်ပါးက ကိုယ့်ကို အတိုက်အခံ လုပ်ချင်လာတတ်သည်။  ထို့ကြောင့် အရက်သေစာ ကို အခြား  ရာသီဖွားများထက် ပိုပြီး ဆင်ခြင်သင့်လေသည်။


မိဿ        ရာသီဖွားများ  ၏  ဘ၀အောင်မြင်မှု အတွက် လိုက်နာ  ကျင့်သုံးဖွယ်ရာများ နှင့် အဆောင်၊ အရောင် များ


မိဿ       ရာသီဖွား  များသည် ယဉ်ကျေးသိမ်မွေ့မှု ကို သဘောကျသော်လည်း  ကိုယ်တိုင် ကမူ ခြေမြန်လက်မြန်၊ အပြောမြန်သည့် တဇွတ်ထိုးစိတ် တို့ကြောင့် သူများအမြင်တွင် ရိုင်းစိုင်းနေတတ်သည်။ သို့သော် သဘာဝ ကျသော အပြင်အဆင် ကို နှစ်သက်ပြီး ခေတ်ပေါ် ဒီဇိုင်း အ၀တ်အစား တို့ကို နှစ်သက်တတ်သည်။ 


လူစုလူဝေး တွင် ဟေးလား ၀ါးလား မနေတတ်။ သွက်လက် သပ်ရပ်စွာ ၀တ်စား တတ်ကြသည်။ အရောင်အားဖြင့် ပန်းရောင်၊ အနီရောင်၊ ကြက်သွေးရောင် တို့ကို သုံးစွဲသင့်သည်။ အနက်ရောင် ကို အထူးရှောင်သင့်ပါသည်။ 

ပတ္တမြားနှင့် စိန် ကို အထူး ၀တ်ဆင်သင့်သည်။ အထူးသဖြင့် ပတ္တမြားလက်စွပ် ကို လက်ျာဘက် လက်ခလယ် တွင် ၀တ်ဆင် သင့်ပေသည်။ 


တစ်နှစ်တာ ကာလ အတွင်း အထူးကောင်းကျိုးပေးသောလ မှာ နိုဝင်ဘာလဖြစ်သည်။ 
တစ်ပတ် အတွင်း အထူးကောင်းကျိုးပေးသောနေ့ မှာ အင်္ဂါနေ့ဖြစ်သည်။ ပတ္တမြား ကို ၀တ်ဆင်ထားပါ။ ရန်အပေါင်း ကို အောင်နိုင်ခြင်း၊ ရဲစွမ်း သတ္တိနှင့်ပြည့်စုံခြင်း ဖြစ်စေတတ်ပေသည်။ ပတ္တမြား အစစ် မတတ်နိုင် သေး ပါက ပတ္တမြား ကဲ့သို့သော ကျောက်အနီ ကို ၀တ်ဆင်ထားပါ။ အခြားဆောင်သင့်သော အရာများမှာ သံမဏိ (စတီးလ်)ဖြစ်လေသည်။

အထူးသဖြင့် နှစ်စဉ် ဇူလိုင်လ (၂၁) ရက် မှ သြဂုတ်လ (၂၀) အတွင်း၊  ဒီဇင်ဘာ (၂၁) မှ ဇန်န၀ါရီ (၂၀) အတွင်း၊ ဇန်န၀ါရီ (၂၁) မှ ဖေဖေါ်ဝါရီ (၂၁) အတွင်း၊ တို့၌ အလုပ်စတင်ခြင်း၊ ထီထိုးခြင်း တို့ ပြုသင့်ပေသည်။ (၃၊၆၊၉) ဂဏန်းများကို အထူးဆောင်သင့်ပေသည်။


အထူးအားဖြင့် မိဿ     ရာသီဖွား  အားလုံးတို့သည် တဇွတ်ထိုး စရိုက်ကို ပြုပြင်ခြင်း၊ မခံချင်စိတ် ဒေါသ ကို ထိန်းခြင်းနှင့် အတူ ပင်ကိုယ် စရိုက်ကောင်းဖြစ်သော တီထွင်မှု၊ ရဲရင့်မှု တို့ဖြင့် ရုတ်ခြည်းပေါ်လာသော အခွင့်ကောင်းများ ကို ထိထိ မိမိ သုံးစွဲသွားပါက ထူးချွန်စွာ အောင်မြင်သော ဘ၀ပိုင်ရှင်များဖြစ်မည် အမှန်ပေတည်း။




Posted by yanshin
Tin Maung Hlaing


မိမိ နှင့် သက်ဆိုင်သော  Link တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည် ။ 

မတ်လ ၂၁ ရက် မှ ဧပြီလ ၂၀ ရက် အတွင်းမွေးဖွား သူများ (မြန်မာလ-တန်ခူးလ တွင် မွေးဖွားသူများ)


ဧပြီ (၂၁) ရက်မှ မေ (၂၁) ရက် { ကဆုန်လ } အတွင်းမွေးဖွားသူများ သည်လည်း ပြိဿ     ရာသီဖွားများ  

မြန်မာ လ နယုန်လ တွင်မွေးဖွားသူများ (နှစ်စဉ် မေလ (၂၂)ရက်မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ)

ဝါဆို လဖွားများ (နှစ်စဉ် ဇွန် ၂၂ မှ ဇူလိုင် ၂၂ )

ဇူလိုင် ၂၃ ရက် မှ သြဂုတ် ၂၃ ရက် အတွင်း (မြန်မာလ ၀ါခေါင်လ)

သြဂုတ် ၂၄ ရက် မှ စက်တင်ဘာ ၂၂ ရက် အတွင်း မွေးဖွားသူများ (တော်သလင်းလ ဖွားများ)

စက်တင်ဘာ ၂၃ ရက် မှ အောက်တိုဘာ ၂၃ ရက် (သီတင်းကျွတ်လ)

အောက်တိုဘာ လ ၂၄ မှ နိုဝင်ဘာလ ၂၂ ရက် အတွင်း (တန်ဆောင်မုန်းလ)

နိုဝင်ဘာ (၂၃) မှ ဒီဇင်ဘာ (၂၁) ( နတ်တော်လ )

ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၀ အတွင်း၊ ( ပြာသိုလ )

(နှစ်စဉ် ဇန်န၀ါရီလ ၂၁ မှ ဖေဖော်ဝါရီ ၁၈ အတွင်း၊ တပို့တွဲလ ဖွားများ )

(ဖေဖော်ဝါရီ ၁၉ မှ မတ်လ ရက်၂၀ အတွင်း၊ တပေါင်းလ)






No comments:

Post a Comment