Wednesday, October 12, 2016

ပျူ ဘုရင့်မွေးနေ့




သမိုင်း ဟာ နိဗ္ဗာန်ရောက်ကြောင်းတရား မဟုတ်ဘူး ။ သို့သော်လည်း စကြာမင်းတောင် သေခြင်းတရားနဲ့ မကင်းဘူး ။ သီရိဓမ္မာသောက မင်းတောင် ဇမ္ဗူဒိတ် တစ်ကျွန်းလုံး သူပိုင်တယ်လို့ ယူဆပေမယ့် သူသေခါနီးမှာ သူ့ပိုင်နက်တွေကို သူ့သားက ပိုင်တယ် ။ သေခါနီး သူပိုင်တာ ဓာတ်စာစားဖို့ ရှိတဲ့ သစ်သီး တစ်လုံး သာဖြစ်တော့တယ် ။ ဒီအကြောင်း အချက်တွေကို နမူနာယူပါ ။ သမိုင်းကို ဖတ်ရင် ဖြစ်ခြင်း ပျက်ခြင်းနဲ့ ဆင်ခြင်ပြီး နိဗ္ဗာန်ရောက်ကြောင်း ရှာပါ ။ ကမ္မဋ္ဌာန်း သဘောနဲ့ ဖတ်ပါ . . . ။

( စဥ့်ကိုင် သူဌေးသား မောင်ကုလား - ၁၇၂၀ ပြည့် / ခန့်မှန်း . . . )
1912 ခုနှစ်မှာ ကျောက်စာဝန် တော်စိန်ခို က ပြည်မြို့ သရေခေတ္တရာမြို့ဟောင်း တည်ရှိရာ မှော်ဇာမှာ ပျူအရိုးအိုးကြီး ၂ လုံး ကို တူးဖော် ရရှိခဲ့ပါတယ် ။ ကမ္ပည်းစာများ အရ သီဟဝိကြမဘုရင် နဲ့ ဟရိဝိကြမ ဘုရင်တို့ရဲ့ အရိုးအိုးတွေ ဖြစ်ကြပါတယ် ။ ပညာရှင်တွေ ကြိုးစား ဖတ်ရှုကြည့်ကြတော့ ပျူ  စာ က အဓိပ္ပာယ်ပေါ်လာခဲ့တယ် ။

"တိုင်းပြည် ၏ အဆင်တန်ဆာ သီဟဝိကြမ မင်းမြတ်သည် သက္ကရာဇ် ၈၀ နှစ် ၂ လ ၄ ရက်တွင် သက်တော် ၄၄ နှစ် ၉ လ ရက် ၂၀ မှာ နတ်ရွာစံသည် ။ မင်းမြတ် ၏ ရုပ်ကလာပ် . . ."

"မေးရိုး သုံးဆင့်ရှိသော ဟရိဝိကြမ မင်းမြတ်သည် သက္ကရာဇ် ၅၇ နှစ် ၂ လ ၂၄ ရက် တွင် သက်တော် ၄၁ နှစ် ၇ လ ၉ ရက်မှာ နတ်ရွာစံသည် ။ မင်းမြတ် ၏ ရုပ်ကလာပ် . . ."  စသဖြင့် ဖြစ်ပါတယ် ။

ပျူ  အရိုးအိုးတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ အယူအဆ မတူညီကြတာက သက္ကရာဇ် ကိစ္စ ဖြစ်ပါတယ် ။ အများစုက ပျူ   အရိုးအိုးပါ အက္ခရာတွေဟာ ခရစ်နှစ် ၄ ရာစုသုံး ဂုပ္တ အက္ခရာမျိုးဖြစ်တယ် ဆိုပြီး ပျူနှစ် ကို ၃၁၉ ပေါင်းပြီး ခရစ်နှစ် ပြောင်းယူကြပါတယ် ။

တရုတ်ဘာသာ စာပေ ပညာရှင် သုတေသနမှူး ဦးရည်စိန် ( ပြည်ပ ၌ ကွယ်လွန် ) က ပျူ  သက္ကရာဇ် မှာ ၂၁ မတ် ၈၃၈ အေဒီမှာ စတင်ခဲ့တဲ့ သက္ကရာဇ်ဖြစ်ပြီး အခု မြန်မာ သက္ကရာဇ်ပင်ဖြစ်ကြောင်း ဆိုပါတယ် ။ 

ခရစ်နှစ် ၈၃၂ ခုနှစ် ပျူ   သက္ကရာဇ် ၁၉၄ မှာ ယီမိုးရွှန်း ရဲ့ မြေးဖြစ်သူ ချွန်ဖန်ယု  ရဲ့တပ်များ လာရောက်တိုက်ခိုက်ကြလို့ သရေခေတ္တရာ ပျက်သုဉ်းခဲ့ရတယ်လို့ ဆိုပါတယ် ။

ပျူ   အရိုးအိုးတွေက သက္ကရာဇ်တွေ ကို သိရတော့ အတွေးတစ်ခု ပေါက်လာပါတယ် ။ အရိုးအိုးတွေမှာ ပျူ  ဘုရင် နတ်ရွာ စံခဲ့တဲ့ ရက်စွဲ နဲ့ နတ်ရွာစံစဉ် အသက် ( နှစ် လ ရက် ) အတိအကျ ပါပါတယ် ။ သို့ ဆိုရင် နတ်ရွာ စံ ရက်စွဲမှ နတ်ရွာစံ စဉ် အသက်ကို နုတ်လိုက်ရင် ပျူ   ဘုရင့်မွေးနေ့ကို သိလာနိုင်ပါတယ် ။

ဟရိဝိကြမ ဘုရင်ကို အရင် တွက်ကြည့်ရအောင်ပါ ။ ခက်တာ မဟုတ်ပါဘူး ။ နတ်ရွာစံ တဲ့ ပျူသက္ကရာဇ် ၅၇ ခု ၂ လ ၂၄ ရက် မှ နတ်ရွာစံစဉ် အသက် ၄၁ နှစ် ၇ လ ၉ ရက် ကို နုတ်ကြည့်တာ ဖြစ်ပါတယ် ။ ဟရိဝိကြမဘုရင် အတွက် မွေးသက္ကရာဇ်ရက်စွဲ က ၁၅ ခု ၇ လ ၁၅ ရက် ကို ရပါတယ် ။

ပြက္ခဒိန် တွက်ချက်မှု  မှတ်တမ်းအရ သက္ကရာဇ် ၁၅ ခုက ဝါကြီး ထပ်နှစ် ဖြစ်တယ် ။ ၇ လမြောက်လ က တော် သလင်းလ ဖြစ်လိမ့်မယ် ။ သက္ကရာဇ် ၁၅ ခုရဲ့ တော်သလင်း လဆန်း ၁၅ ရက် ကို ခရစ်နှစ် ရက်စွဲ ပြောင်းကြည့်တော့ ၆၅၃ ခု စက်တင်ဘာလ ၁၂ ရက် ကြာသပတေးနေ့ ဖြစ်ပါတယ် ။ 

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၅၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ပျူ  ဘုရင် ဟရိဝိကြမ ကို ဖွားမြင်ခဲ့တယ် ။ အဲဒီနေ့မှာ သရေခေတ္တရာ မှာ ဘုရင်မင်းမြတ် ရဲ့ မွေးနေ့ပွဲ ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကောင်း  ကျင်းပနေ   လိမ့်မယ် ။

သရေခေတ္တရာ နန်းရင်ပြင်ထက်မှာ ပျူ   ကချေသည်တွေ ၊ တူရိယာ အတီးအမှုတ် ပညာရှင်တွေ နဲ့ စည်ကားနေပါလိမ့်မည် ။ ပုရောဟိတ်တွေက အဲဒီနေ့မှာ ဖွားမြင်တဲ့ ဟရိဝိကြမ ဘုရင်ဟာ စွမ်းရည်ထက်မြက်သူ တန်ခိုး အာဏာ ကြီးမားသူဖြစ်ကြောင်း အမွှန်းတင် ပြောဆိုကြပါလိမ့်မယ် ။ 

အနီးဝန်းကျင် နိုင်ငံတွေဖြစ်ကြတဲ့  ဗိဿနိုး    ဟန်လင်း  နဲ့ ဝေသာလီ  တို့က ကိုယ်စားလှယ်တော် မင်းညီ မင်းသား များလည်း လာရောက်ကောင်း လာရောက်ကြပေလိမ့်မည် ။

အဲသလိုပဲ သီဟဝိကြမ မင်းရဲ့ မွေးနေ့ ရက်စွဲကိုလည်း တွက်ကြည့်မိတော့ သက္ကရာဇ် ၃၅ ခု ၄ လ ၁၄ ရက်မှာ ဖွားမြင်ကြောင်း တွေ့ရပါတယ် ။ ( ဝါဆို လဆန်း ၁၄ ရက် လို့ ဆိုနိုင်ပါတယ် ။ ခရစ်နှစ် ရက်စွဲကို တွက်   ကြည့်တော့ ခရစ်နှစ် ၆၇၃ ခု ဇူလိုင်လ ၂ ရက်နေ့ ရပါတယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၃၉ နှစ် အကြာ ဇူလိုင်လ ၂ ရက်နေ့က ပျူဘုရင် သီဟဝိကြမ ကို ဖွားမြင်ခဲ့ပါတယ် ။ 


ဘုရင် ၂ ပါး ရဲ့ မွေးနေ့တွေ ကို နှိုင်းယှဉ်ကြည့်တော့ အနှစ် ၂၀ နီးပါး ကွာနေပါတယ် ။ ဒါကြောင့် ပျူ  ဘုရင်တွေက ညီအစ်ကိုတွေ ထက် သားအဖတွေ ဖြစ်မယ်ထင်ပါတယ် ။ ဝိကြမမင်းဆက် မှ မျိုးနွယ်ဆက်တွေ ဖြစ်ပါတယ် ။ အဲဒီမှာ မြန်မာ ဘာသာပြန်ဆိုချက်မှာ ဟရိဝိကြမ ကို မေးရိုး သုံးဆင့်ရှိသော ဘုရင်လို့ ဖော်ပြထားတာကိုလည်း ဂရုပြုမိပါတယ် ။


ပျူ  ဘုရင် ၂ ပါး စလုံးဟာ သက်တော် ၄၀ ဝန်းကျင်မှာ ကံကုန်ခဲ့ကြတယ် ။ ဘာကြောင့် သက်တော် ငယ်ငယ် ရွယ်ရွယ် နဲ့ ကံကုန်သွားကြပါလိမ့် ။ တွေးစရာတွေ ရှိလာပြန်ပါတယ် ။ ပျူ  လူမျိုးတွေဟာ အသက်ရှည်ကြသူများ မဟုတ်ပါလား ။ ဒါမှမဟုတ် ပျူ  ဘုရင်  အသိုင်းအဝိုင်းမှာ အန္တရာယ်ထူပြောလှလေသလား မဆိုနိုင်ပါ ။

ပျူ   သင်္ချိုင်းတစ်ခုမှ ပျူဘုရင် တစ်ပါးရဲ့ အရိုးစု ကို ပုံစံမပျက် ရရှိခဲ့ကြဖူးပါတယ် ။ အဲဒီတုန်းက ရန်ကုန်ဆေးတက္ကသိုလ်မှ တစ်ဆင့် နိုင်ငံခြားကို ပို့ပြီး စစ်ဆေးကြည့်ကြပါတယ် ။ ပျူ  ဘုရင်ဟာ သက်တော် ၂၀ ကျော်အရွယ် ငယ်ငယ်ရွယ်ရွယ် နဲ့ နောက်စေ့ ကို မာကျောတဲ့ အရာနဲ့ ရိုက်နှက်ခြင်းခံရပြီး ကံကုန်ခြင်းဖြစ်ထာကို သိရပါတယ် ။ အခု ဟရိဝိကြမ နဲ့ သီဟဝိကြမ တို့ဟာလည်း သွေးရိုး သားရိုး ကံကုန်ခြင်းမှ ဟုတ်ပါလေစ . . . . . ။


ရည်ညွှန်း = သမိုင်းအတွေး အရေး



No comments:

Post a Comment