Wednesday, October 12, 2016

ခါးတောင်းကျိုက် နဲ့ ပြေးတဲ့ ဦးပေါ်ဦး






တစ်ခါက ဘိုးတော်ဘုရား နဲ့ မိဖုရားကြီး တို့ဟာ ဧရာဝတီမြစ်ကမ်း ထိပ်က ရွှေကြက်ကျ နဲ့ ရွှေကြက်ယက် ဘုရားတွေ ကို ဘုရားဖူး ထွက်တော်မူပါတယ်။ ဘုရားဖူးပြီးတော့ ဘိုးတော်ဘုရား ဟာ စိတ်ရွှင်လန်းနေပါတယ်။ ပြီးတော့ မြစ်ဘက် ကို ကြည့်တယ်။ မြစ်ကိုကြည့်ပြီး အတွေးတစ်ခုပေါ်လာတာကြောင့် ဦးပေါ်ဦး ကို လှမ်းမေးလိုက်တယ်။

"ဟဲ့ ပေါ်ဦး ၊ ဒီမြစ်ကို ဟိုဘက်ကမ်းရောက်အောင် ကူးနိုင်ပါ့မလား" မြစ်ရေ ကို လက်ညိုး ထိုးပြီး ပြတော် မူတော့ ဦးပေါ်ဦး က ရေပြင်ကို လှမ်းကြည့်ပြီး ဖြေတယ်။

" ဒီမြစ်ကို မပြောနဲ့ ဒီမြစ်ထက် အဆပေါင်းများစွာ ကျယ်တဲ့ မြစ်ကိုတောင် ဖြတ်ကူးနိုင်ကြောင်းပါဘုရား"
ဘိုးတော်ဘုရား လည်း ဒီတစ်ခါတော့ ပေါ်ဦး ကို နိုင်ကွက်တွေ့ပြီ ၊ အပြော နဲ့ အလုပ် မညီလို့ ကတော့ တွေ့ပြီပေါ့ ပေါ်ဦးရယ် လို့ တေးပြီး ...

"ကဲ..ဒါဖြင့် ပေါ်ဦး မင်းကူးပြစမ်းကွယ်"

ဦးပေါ်ဦး ကလည်း ချက်ချင်းပါပဲ။ ၀တ်ထားတဲ့ စလွယ်တွေ ခေါင်းဆောင်းတွေ ကို ချွတ်တယ်။ ပုဆိုး ကို သေသေ ချာချာ ခါးတောင်းကျိုက် လိုက်တယ်။ အဲဒီနောက်တော့ မြစ်ဘက် ကို ပြေးသွားပါတယ်။ မြစ်ထိပ်ကိုရောက်တော့ မြစ်ထဲကို မဆင်းပဲ ဟိုဘက်ပြေးလိုက် ၊ ဒီဘက်ပြေးလိုက် ၊ ရပ်မျှော်ကြည့်လိုက် အဲဒီ အတိုင်းလုပ်နေတယ် ။ 

ကြာလာတော့ ဘိုးတော်ဘုရား က စိတ် မရှည်တော့ဘူး ။ ဦးပေါ်ဦး ကို အခေါ် လွှတ်လိုက်တယ်။ ဦးပေါ်ဦးဘုရင် ရဲ့ ရှေ့ကိုပြန်ရောက်လာတယ်။

"ဟဲ့ ပေါ်ဦး ဟိုဘက်ကမ်းကို ကူးမယ်ဆို ၊ ဘယ်နှယ် မကူးပဲ ဟိုပြေး ဒီပြေး လုပ်နေတာလဲ"
" ဟိုဘက်ကမ်းကို ကူးဖို့ လှေ ရှာနေတာပါဘုရား "


" ဟဲ့ ဘာပြောတယ်မောင်မင်း ၊ မောင်မင်းပြောတော့ ဖြတ်ကူးပြမယ်ဆို ၊ ပြန်လျှောက်တင်စမ်းဟ"

" ကျွန်တော်မျိုး တောင်ပြေး မြောက်ပြေး ပြေးနေတာဟာ ဟိုဘက်ကမ်း ကို ကူးဖို့ လှေရှာနေတာပါဘုရား"

"ဖြစ်ရလေ ပေါ်ဦးရယ် ၊ လှေ နဲ့ ကတော့ လူတိုင်း ကူးတတ်တာပေါ့ဟဲ့"

" မှန်ပါ ၊ ဘုရား ကျွန်တော်မျိုးလည်း လူထဲက လူ တစ်ယောက်သာ ဖြစ်တဲ့ အတွက် အများနည်းတူ လှေနဲ့ ကူးနိုင်ကြောင်းပါဘုရား"

မင်းတရားကြီး ရင်ဘတ်ကို ဖိကာ ရယ်တယ်။ မိဖုရားကြီးက ၀င်ပြီး 'နင် လုပ်လိုက်ရင် ဒီလိုချည်းပဲ ' လို့ ပြုံး  ပြုံးကြီး မိန့်တော်မူပါတယ်။



Credit to AyeSay

No comments:

Post a Comment