Thursday, October 20, 2016

မသမာသူ အချို့ကြောင့် စွန်းထင်း လာသော အငှားယာဉ်လောက



                   
အလုံမြို့နယ် အလုံလမ်းပေါ်တွင် အငှားယာဉ်မောင်းတစ်ဦး ဦးဆောင်သော လူငါးဦးပါ အဖွဲ့က နံနက် အစောပိုင်း အချိန် ရွှေတိဂုံ ဘုရားဖူးရန် လမ်းလျှောက် ထွက်လာသည့် လူငယ် သုံးဦးကို ဝိုင်းဝန်း ထိုးကြိတ်ကာ ကျောပိုးအိတ် တစ်လုံးကို လုယူ ထွက်ပြေးမှု မေလ ၂၁ ရက် နံနက်က ဖြစ်ပွားခဲ့သည်။ 

အလု ခံရသူ လူငယ်များက အငှားယာဉ် အမျိုးအစား၊ အရောင်နှင့် ကားဘေးတွင် ကပ်ထားသော စီးတီး တက္ကစီ နံပါတ်ကို မှတ်မိလိုက်ကြသည်။ အနီးအနားရှိ အလုံမြို့မ ရဲစခန်းတွင် လုယက် နာကျင်စေမှုဖွင့်ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းရာမှ လုယက်မှု ကျူးလွန်ခဲ့သူများကို ၂၄ နာရီ အတွင်း ဖမ်းမိခဲ့သည်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်း မှ ည အချိန် ကားငှား စီးသည့် ခရီးသည်များကို အငှားယာဉ်မောင်းတစ်ဦး ကပင် သုံးနှစ် အတွင်း လုယက်မှုခြောက်ကြိမ် ကျူးလွန်ခဲ့သဖြင့် အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်မောင်းအကူ ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မေလ ဒုတိယပတ်အတွင်း ဖမ်းဆီးနိုင်ခဲ့သည်။
မေလ ၂ ရက် ကလည်း အမေရိကန်နိုင်ငံသူ တစ်ဦးသည် ဗဟန်းမြို့နယ်မှ အငှားယာဉ် စီးလာပြီး ၎င်း တည်း ခိုရာဟိုတယ်သို့ ပို့ပေးရန် ပြောကြားခဲ့သော်လည်း ယာဉ်မောင်းက လူရှင်းသောနေရာသို့ မောင်းသွားပြီး မုဒိမ်းမှု ကျူးလွန်ရန်ကြိုးပမ်းခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံသူက ပြန်လည် ခုခံပြီး လွတ်မြောက်ခဲ့သော်လည်း ၎င်းပိုင် တန်ဖိုးရှိ ပစ္စည်းများကို ယာဉ်မောင်းက လုယူကာ မောင်းပြေးခဲ့သည်။
ယခင်က ခြိမ်းခြောက် လုယက်သူများ၏ ပစ်မှတ် မှာ အငှားယာဉ်မောင်းများ ဖြစ်လေ့ ရှိသော်လည်း ယခုအခါ အငှားယာဉ်မောင်း အချို့က  ကိုယ်တိုင် လုယက်မှု  ကျူးလွန် လာသောကြောင့် ညအချိန် သွားလာ  သည့် ခရီးသည်များမှာ လုယက်သူများ၏ ပစ်မှတ်ဖြစ်လာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ လူဦးရေ ငါးသန်းကျော် ရှိပြီး တက္ကစီယာဉ် အစီးရေ ခြောက်သောင်းခန့် ရှိသော ရန်ကုန်မြို့တွင် အငှားယာဉ်မောင်း အချို့ ကိုယ်တိုင်ပြစ်မှု ကျူးလွန်မှု ယခုနောက်ပိုင်း ပိုများ လာသည်။
‘‘အငှားကားတွေနဲ့ လုယက်တာတွေ လူသတ်မှု ကျူးလွန်တာတွေက အခုနောက်ပိုင်း မှာတော့ လုပ်လာကြတယ်။ ဒီလို ကျူးလွန်သူတွေ ကတော့ နည်းပါတယ်။ ဒီလို တရားခံတွေကိုလည်း မိတာများတယ်။ ဒီလိုပြစ်မှုကျူးလွန်သူတွေကို ကြိုတင် ကာကွယ်ဖို့ အတွက်လည်း စီမံချက်တွေနဲ့ လုပ်ဆောင်ပေးနေပါတယ်’’ဟု ခရိုင်မှူး ရဲအရာရှိများက ပြောသည်။
မေလ တစ်လအတွင်း အငှားယာဉ်မောင်းများက ခရီးသည်များကို လုယက် ခဲ့သော အမှုများတွင် နိုင်ငံခြားသား ခရီးသည်များကို အကြမ်းဖက်ခြိမ်းခြောက် လုယက်မှုများလည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံ သံရုံးကလည်း ၎င်းတို့နိုင်ငံသားများ အငှားယာဉ် စီးသောအခါ သတိထားကြရန်နှင့် အငှားယာဉ်မောင်း အပြင် လူပိုများ ပါလာလျှင် အဆိုပါ ယာဉ်ကို ငှား မစီးကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်အထိ ဖြစ်ခဲ့ရသည်။
မေလ ၈ ရက် ကလည်း သြစတြေးလျနိုင်ငံသား တစ်ဦးသည် လမ်း ၅၀ မှ လှိုင်မြို့နယ်သို့ အငှားယာဉ်စီးလာစဉ် အိပ်ပျော်သွားခဲ့သည်။ အိပ်ပျော်နေရာမှ ပြန်နိုးလာသော အချိန်တွင် သူပိုင် အဖိုးတန်ပစ္စည်းများ မရှိတော့ သဖြင့် ကားသမားကို ရဲစခန်းထဲသို့ လည်ပင်းညှစ်ခေါ်ပြီး အပြန်အလှန် အမှု ဖွင့်ခဲ့ကြသည်။ သြစတြေးလျနိုင်ငံသား ပျောက်ဆုံးသွားသော ပစ္စည်းများကို ၂၄ နာရီ အတွင်း ပြန်လည် ရရှိပြီး ခိုးယူမှု ကျူးလွန်ခဲ့သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးပေးနိုင်ခဲ့သည်။
အငှားယာဉ် များဖြင့် ဒုစရိုက် လုပ်ငန်းများ လုပ်ကိုင်မှုသည် ရန်ကုန်မြို့တွင် နှစ်မျိုး ရှိပြီး အချို့ယာဉ်မောင်းများသည် လုယက်ရန် လွယ်ကူသဖြင့် လုပ်တတ်ပြီး အချို့သည် ရည်ရွယ်ချက် ရှိရှိဖြင့် လုယက်မှု လုပ်ကိုင်သူများဖြစ်ကြောင်း ရန်ကုန်တိုင်း အတွင်းရှိ အနောက်ပိုင်း ခရိုင်မှ စခန်းမှူးတစ်ဦးက ပြောသည်။


‘‘ဖမ်းမိလို့ စစ်တဲ့ အခါမှာ တစ်ချို့က အုံနာကြေးတွေ မပေးနိုင်တော့ ပါလာတဲ့ ခရီးသည် ဆီကနေ လုတယ်။ နောက် တစ်မျိုးကတော့ လုဖို့အတွက် အငှားကားမောင်းပြီး ရှာနေတာ။ သူတို့ ကတော့ အများအားဖြင့် နှစ်ယောက်မောင်း သမားတွေ များတယ်။ သူတို့တွေကို စစ်မေး လိုက်ရင် သူတို့မှာ အန္တရာယ် ရှိမှာစိုးလို့ သူငယ်ချင်းကို ခေါ်လာတာပါပဲ ဖြေတယ်’’ဟု အဆိုပါ စခန်းမှူးက ပြောသည်။
‘‘ယာဉ် တင်သွင်းခွင့် ပုံစံတွေပြောင်းပြီးနောက်ပိုင်း ကားတွေ များလာတယ်။ အငှားယာဉ်တွေလည်း များလာတော့ အရင်လို ရှာရတာ မကောင်းတော့ဘူး။ ဆီဖိုး ကားပြင်ခတွေ အပြင် ကုန်ကျစရိတ် ရှိလာတော့ အငှားပေးလာတယ်။ အငှားမောင်းတဲ့သူ ဆိုတော့ လူပေါင်းစုံ ပါလာတာပေါ့။ ဒီခေတ် စပေါ်တင်မောင်းတဲ့သူတွေတောင် အတော်လေး နည်းလာပါပြီ’’ဟု ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
၂၀၁၄ ဇန်နဝါရီမှ ဧပြီအထိ လေးလ အတွင်း လုယက်မှု ၁၁ မှု ဖြစ်ပွားခဲ့သည်။ သို့သော် အငှားယာဉ်ဖြင့် ပြစ်မှု ကျူးလွန်ခဲ့ခြင်း မရှိပေ။ ၂၀၁၅ ပထမလေးလ အတွင်း လုယက်မှု ၁၂ မှုဖြစ်ပွားခဲ့ရာ အငှားကားဖြင့် လုယက် ခဲ့သော အမှုမှာ နှစ်မှု ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးကပြော သည်။
‘‘ကျူးလွန်တဲ့ အမှုတွေထဲမှာတော့ အမျိုးသမီးတွေ အလုခံရတဲ့ အမှုတွေက ပိုများပါတယ်။ မိန်းကလေးလည်း ဖြစ်တယ်။ လုခံရတော့လည်း ပစ္စည်းအသာ တကြည်ပေးတော့ ကျန်တဲ့ မှုခင်းတွေ ထပ်မဖြစ်တော့ဘူး။ နေ့ဘက်တွေမှာ လုခံရတာ မရှိဘူး။ ညပိုင်းတွေမှာပဲ အဖြစ်များပါတယ်’’ဟု ၎င်းက ပြောကြားသည်။
ယင်းကဲ့သို့ ဖြစ်စဉ် အချို့ကြောင့် ယခုနောက်ပိုင်းတွင် ကား ငှားစီးမည့် ခရီးသည်အများစုမှာ ယာဉ်မောင်း ကိုကြည့်ပြီး ငှားစီးသူ များလာပြီး လူပို ပါလာပါကလည်း ငှားသူ နည်းသွားကြောင်း အငှားယာဉ်မောင်း ကိုကျော်မင်းထွန်း ကပြောကြားသည်။
‘‘အရင်ကလို မဟုတ်ဘူး။ ကားငှားစီးတဲ့ သူတွေက ကြည့်တယ်။ သောက်ထားလား၊ အပိုလူ ပါလားပေါ့ဗျာ။ တစ်ခုခု လုပ်ထားရင် မစီးတော့ဘူး။ ကားတွေလည်း ပေါတာလည်း ပါမှာပါ။ ဘယ်သူဖြစ်ဖြစ် ပိုက်ဆံပေးစီးတာပဲ။ စိတ်အေးချမ်းစွာ ရောက်ချင်မှာပါ။ အခုလို သတင်းတွေကြားတော့ ညပိုင်း ဆွဲရတာ အရင်လို အဆင်မပြေသလို စစ်ဆေးရေးတွေ ပိုများလာတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ညအချိန် အလုပ် လုပ်ကိုင်သည့် အမျိုးသမီး အများစုမှာ အငှားယာဉ် စီးရာတွင် လုပ်ဖော်ကိုင်ဖက် တစ်ဦးကို ကားငှားပေးရန် အကူအညီတောင်းခံပြီး ငှားစီးလေ့ ရှိကြောင်း မရမ်းကုန်းမြို့နယ်နေ မဆိုဖီ က ဆိုသည်။
‘‘ညီမတို့က ဘီယာဆိုင် ဆိုတော့ အရင်က ဖယ်ရီပေးတယ်။ ခုတော့ မပေးဘူး။ ကားခ သက်သက်ပေးတယ်။ ကားသမားတွေမှာ နှမသားချင်း မစာနာသူတွေ ရှိသလို ကောင်းတဲ့ ကားသမားတွေလည်းပါတယ်။ ဒီသတင်းတွေ ဒီလကြားပြီး ကတည်းက ညီမတို့ ဆိုင်က ပြန်တဲ့သူတွေ အကုန်လုံး စုပေါင်းငှားပြီး  ပြန်ကြ တယ်။ ဘယ်ရောက်နေလဲ ဆိုတာ အချင်းချင်း ဖုန်းဆက်ပြီးပြောတယ်။ အခုချိန် ထိတော့ အန္တရာယ်မရှိဘူး။ လမ်းမှာလည်း စစ်ဆေးရေး ရဲတွေ အရင်ကထက် ပိုပြီးများလာတာ တွေ့ပါတယ်’’ဟု မဆိုဖီက ပြောသည်။
အငှားယာဉ်မောင်းသူ အချို့ ကျူးလွန်သော ပြစ်မှုများကို ဖော်ထုတ်ရာတွင် အငှားယာဉ်များမှာ ယခုနောက်ပိုင်း တွင် ခရိုင်အလိုက် တက္ကစီ အမှတ်အသားများကို မထားရှိတော့ခြင်း၊ အငှားယာဉ်မောင်း ဘုတ်ပြားများ မတပ်ဆင်ခြင်း တို့ကြောင့် ဖမ်းဆီးရာတွင် အခက်အခဲများ ရှိသည်ဟု ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
ယင်း ဆိုင်းဘုတ်တပ်ဆင်ခြင်း မရှိသဖြင့် ယာဉ်မောင်းနှင့် ပတ်သက်သည့် အချက်အလက်ကို ခရီးသည်က မသိရှိနိုင်ပေ။
ယခင်က ရန်ကုန်မြို့တွင် အငှားယာဉ်များကို အရှေ့ပိုင်းခရိုင် အတွက် E၊ အနောက်ပိုင်း ခရိုင်အတွက် W၊ တောင်ပိုင်း ခရိုင်အတွက် S နှင့်မြောက်ပိုင်းခရိုင် အတွက် N တို့ကိုရှေ့မှထားကာ နံပါတ်စဉ် အလိုက် ဂဏန်းအက္ခရာများ သတ်မှတ်ခဲ့သည်။
သို့သော် ယခုအခါ အိမ်ကားများ ကဲ့သို့ပင် အငှားကားများ မှာလည်း YGN သင်္ကေတ တစ်ခုတည်းဖြစ်သွားသည်။
ရန်ကုန်မြို့တွင် စီးတီး တက္ကစီ မှတ်ပုံတင်ထားသော ကား အရေ အတွက် ၆၀,၀၀၀ နီးပါး ရှိသော်လည်း မှတ်ပုံ မတင်ဘဲ မောင်းနှင်နေသည့် အငှားယာဉ် အရေအတွက် မည်မျှရှိကြောင်း မသိရှိရပေ။
ရန်ကုန်မြို့အတွင်း လမ်းမများပေါ်တွင် နေ့စဉ် ကားအစီးရေ ခြောက်သိန်းမှ ရှစ်သိန်းထိ မောင်းနှင်နေပြီး အငှားယာဉ် အရေအတွက်သည် သိန်း ဂဏန်းရှိနိုင်ပြီး ရန်ကုန်မြို့အတွက် သယ်ယူပို့ဆောင်မှု ကဏ္ဍတွင်လည်း အရေးပါသည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ပြောသည်။
‘‘ဒီမှာကတော့ ရှင်းပါတယ်။ အငှားကားတွေ အကုန်လုံးကို ကုမ္ပဏီပိုင် လုပ်ထားတာမရှိဘူး။ ကိုယ်ပိုင်ထောင်ပြီး ငှားတယ်။ ဒါမှမဟုတ် ကိုယ်တိုင်မောင်းတယ်။ ပြီးတော့ မှုခင်း တစ်ခုခုဖြစ်လို့ ကားနံပါတ် ရရင်တောင်ပိုင်ရှင် အဆင့်ဆင့် ပြောင်းတော့ ဖမ်းရတဲ့နေရာမှာ မလွယ်ဘူး။ ပြောရမယ်ဆို ၀ယ်ပြီးရောင်းပြီးရင် အမည်ပြောင်း မလုပ်တာတွေများတယ်’’ဟု ယင်း ယာဉ်ထိန်း အရာရှိက ပြောသည်။
‘‘စီးတီး တက္ကစီ ယာဉ်အဖြစ် မှတ်ပုံတင်ကြပါလို့ ညွှန်ကြားထားပြီးပါပြီ။ အရေးယူမှု ကတော့ အသစ်ပြုစုထားတဲ့ ပုဂ္ဂလိက ယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်မှာပါ။ စစ်ဆေးဖို့က ယာဉ်ထိန်းရဲ အဖွဲ့ဆယ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်။ နောက်ပိုင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေပါ ဆက်လက် အရေးယူသွားမယ်’’ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် ကပြောသည်။
သို့သော် ရန်ကုန်မြို့၌ အငှားတက္ကစီ အဖွဲ့ဖွဲ့ပြီး နေရာ သတ်မှတ် ဂိတ်ထိုးသော မင်္ဂလာဒုံလေဆိပ်ရှိ အငှားယာဉ်မောင်းများ၌ နာမည်၊ လိပ်စာနှင့် လေဆိပ် အငှားယာဉ် တံဆိပ်များ တပ်ထားသည်။ ထို့ကြောင့် အဆိုပါ ကားများ အသုံးပြုမှုတွင် ပြစ်မှုကျူးလွန်မှု မရှိကြောင်း ယာဉ်မောင်းများ က ပြောသည်။
‘‘ဒုစရိုက်မှု ကျူးလွန်ချင်တဲ့ ကားသမားတွေက ဒီလိုနေရာမျိုးတော့ လာမလုပ်ရဲပါဘူး’’ဟု ယာဉ်မောင်းကိုမြတ်သူ က ပြောသည်။
အောင်မင်္ဂလာ အဝေးပြေး၌ လုယက်မှုတွေ့ကြုံခဲ့ရသူ အသက်(၂၈)နှစ် အရွယ် အမျိုးသမီးကလည်း လု ယက်မှု ကျူးလွန်သူများသည် ကားခဈေးဆစ်ရာ၌ အဆင်ပြေပြီး လူသူ ရှင်းသည့် နေရာရောက်မှ ခြိမ်းခြောက်ကာ ခရီးသည်တွင် ပါလာသည့် ပစ္စည်းများကို လုယက်လေ့ရှိကြောင်း ပြောသည်။
‘‘ကားလည်း မှောင်တဲ့နေရာရောက်တော့ ရပ်ပြီး အော်ရင်သေမယ်။ ပါသမျှထုတ် ဆိုပြီးလုတာ။ အသက်လောက်တော့ ဘာမှ အရေးမကြီးပါဘူး။ ယောက်ျားနှစ်ယောက် ကျွန်မ တစ်ယောက်တည်း ဆိုတော့ ပြန်မခုခံရဲဘူး။ ရှိသမျှ ပေးလိုက်တယ်။ ကားကတော့ မီးတွေ အကုန်မှိတ်ပြီး မျက်စိရှေ့က ပျောက်သွားတာပါပဲ’’ ဟု ပြီးခဲ့သည့် ဧပြီလ အတွင်း လုယက်ခံခဲ့ရသူ အမျိုးသမီး က ပြောသည်။
ထိုကဲ့သို့ ဖြစ်စဉ် များလာသည့် အတွက် ရန်ကုန်တိုင်း အတွင်း ညပိုင်း အချိန်များ၌ ယာဉ်စစ်ဆေးခြင်းများကို  ယခင်ကထက် တင်းကျပ်စွာ  လုပ်ဆောင်နေပြီး လုယက်နေသူ အချို့ကိုလည်း ဖော်ထုတ် ဖမ်းဆီးနေကာ လွတ်နေသည့် တရားခံ အချို့ကိုလည်း လိုက်လံ ဖမ်းဆီးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
‘‘ဒီလက စပြီး ခရိုင်အလိုက် တက္ကစီ သမားတွေရော ခရီးသည်တွေကိုရော ပညာပေးဖို့ကို ခရိုင် အလိုက် ညွှန်ကြား ပြီးသွားပြီ။ ဘယ်အချိန်စမလဲ ဆိုတာတော့ မသိသေးဘူး။ ပြစ်မှု ကျူးလွန်ပြီဆို ကျွန်တော်တို့ သိရင် နာရီပိုင်း၊ ရက်ပိုင်း အတွင်းဖမ်းမိတယ်။ တစ်ချို့က အမှုတွေ ကျတော့ ဂျာနယ်တွေ စာစောင်တွေ ဖတ်မှပဲ သိရတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးပြည့်စုံ ကပြောသည်။

‘‘ည ကားငှားစီးဖို့တော့ တစ်ယောက်တည်း မသွားရဲတော့ဘူး။ လူကို ဘာမှ လုပ်မသွားတာပဲ ကံကောင်းလှပါပြီ။ ညီမတို့နယ်က လာတဲ့သူတွေ ကိုလည်း ညဘက်မှောင်နေရင် ဘယ်ကားမှ ငှားမစီးဖို့ မှာနေမိတယ်’’ ဟု လွန်ခဲ့သော တစ်လကျော် က လုယက် ခံခဲ့ရသော အမျိုးသမီးက ပြောကြားသည်။

သန်းဌေး
ဖိုးတုတ်(လှည်းတန်း)

www.7daydaily



No comments:

Post a Comment