Friday, November 11, 2016

ဖ ဦးထုပ်



မြန်မာ အက္ခရာတွင် ဗျည်း (၃၃) လုံး ဟူ၍ ရှိပါသည်။ အဆိုပါ ဗျဉ်း (၃၃) လုံး အနက် ဖ  ဦးထုပ် (ဖ) ၏ နေရာ သည် နံပါတ် ဘယ်လောက်မှာ ရှိသလဲ ဆိုလျှင်တော့ ရုတ်တရက် ဖြေနိုင်သူ ရှားလိမ့်မည် ထင်ပါသည်။

ထိုအခါ ကျနော့် ကို တွေ့သည့် နေရာတွင် အချိန် မရွေး ကောက်ကာငင်ကာ မေးကြည့်လိုက်ပါ။ ဖ ဦးထုပ် နံပါတ်(၂၂) ဟု ဒက်ခနဲ မဆိုင်းမတွ ဖြေလိုက်မည်။ ထို့အတွက် တယ်ဟုတ် ပါလားဟု ကျနော့်ကို အလွယ်တစ်ကူ မထင် မကြီး လိုက်ပါနဲ့ဦး။


ဖ ဦးထုပ်နှင့် ကျနော် ဆက်နွယ် ပတ်သတ်ခဲ့ပုံကို သိရလေအောင် ဦးစွာ စောင့်ကြည့်လိုက်ပါဦး။
 ကျနော် ရယ် ….. ဖ ဦးထုပ် ရယ် … ဆရာမကြီး ဒေါ်စန်းရီ ရယ် ….......................... ။

ယခုခေတ် ကလေးများ မူလတန်း အဆင့်တွင် ပညာ သင်ကြားရသည့် ကာလ (၅) နှစ်ရှိသည် ဆိုပါလျှင် ကျနော်တို့ ခေတ် အခါက (၆) နှစ်တာ သင်ကြားရ ပါသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမ တန်း ၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း တို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူငယ်တန်း မှာ (၂) နှစ် နေရခြင်း ဖြစ်၏။ သူငယ်တန်းလေး (၁) နှစ်နေ၊ အောင်ပြီးမှ သူငယ်တန်းကြီး မှာ နောက်တစ်နှစ် ထပ်နေရပါ သည်။

ကျနော် သူငယ်တန်းကြီး ကျောင်းသား ဘ၀ ဆိုတော့ အသက် (၇) နှစ် အရွယ်ပေါ့။ တစ်နေ့တော့ ဆရာမ က အတန်းရှေ့ သင်ပုန်းကြီးတွင် မြေဖြူဖြင့် ရေးထားသော ဗျည်း (၃၃) လုံးကို ကြိမ်လုံးနှင့် ထောက်၍ တစ်ေ ယာက်ပြီး တစ်ယောက် ရွတ်ဆို ခိုင်းပါ သည်။ ကျနော့် အလှည့်တွင် ကကြီး၊ ခခွေး၊ ဂငယ်ဖြင့် အစပိုင်းတော့ ဖြူးနေလေ၏။ သို့ရာတွင် မည်သို့ ဖြစ်သည် မသိ၊ တစ်နေရာ အရောက် အက္ခရာ ကို ကျွန်တော် အစရှာ၍ မရအောင် ဖြစ်နေပါသည်။

ဆရာမကြီးကလည်း ဆိုလေ ဆိုလေဟု သတိပေးနေ၏။ ထိုသို့ဖြစ်လေ ကျနော့်မှာ စဉ်းစား မရလေ ဖြစ်ရတော့သည်။ အတန်း တတန်းလုံးကလည်း ငြိမ်သက်နေ၏။ ကျနော့်ကိုပဲ အာရုံစိုက် နေကြသည်။ ဆိုလေဟု ဆရာမကြီးက ပြောပြန်ပါသည်။ ကျနော် ချွေးပျံလာသည်။ တစ်ကိုယ်လုံး ထူပူလာသည်။ 

ကျနော့် စိတ်ထင် နာရီဝက်လောက်တောင် ကြာသွားပါသည်။ ကျနော် ဘယ်လိုမှ အစဖော်၍ မရ။ ဒါလေးတောင် မေ့ရ ပါမည်လားဟု ဆရာမကြီး ဒေါကန်သွား ပါသည်။ သူငယ်တန်းကြီး ရောက်နေ သည့်တိုင် ဗျည်း (၃၃) လုံးကိုသော်မှ ကြေညက်မှု မရှိလေသော ကျနော်ကို ဆရာမကြီး ဒေါကန်မည် ဆိုလည်း ကန်ထိုက်ပါလေ သည်။ သို့အတွက် ဆရာမကြီး ကျနော့်ကို သူ့ထက်ထဲမှ ကြိမ်လုံးဖြင့် ရိုက်နှက်ခြင်း မပြုခဲ့ပါ။ ကျနော့ ဘ၀ တစ်သက်တာ သင်ခန်းစာ ရစေမည့် အပြစ်ပေးခြင်း မျိုးဖြင့် အပြစ်ပေးခဲ့ပါသည်။
`မောင်ကျော် … လွယ်အိတ်ယူ။ သူငယ်တန်းလေး ပြန်ဆင်း၊ ဒါကိုမှ မင်း မသိသေးတော့ မင်းနဲ့ သူငယ်တန်းကြီး နဲ့ မတန်သေးဘူး´ တဲ့။ ပြီးတော့ အတန်းသားများဘက် လှည့်၍လည်း ပြောပါသေးသည်။ `အဲဒါ ဘာအက္ခရာ လဲ´ ပြောပြလိုက် ကြစမ်းတဲ့။ `ဖ ဦးထုပ်ပါ ဆရာမ´ ဟု တစ်တန်းလုံးက ၀ိုင်းအော်ကြသည်။ 

ထိုနေ့ က သူငယ်တန်းလေးမှာ ကျနော် သွားထိုင် ရပါသည်။ သူငယ်တန်းလေးနှင့် သူငယ်တန်းကြီးက ဒူး   ပိတ်ဟု ခေါ်သော အရံ အတားလေး တစ်ခုသာ ခြားထားပါသည်။ ဆရာမကြီးက အတန်းနှစ်ခု အလယ်ထိပ်မှာ ထိုင်ပြီး နှစ်တန်းလုံး ကို သင်ရပါသည်။ ရှက်လိုက်သည်မှာ ပြောဖွယ်မရှိ။ ကျနော် ခေါင်းကို မဖော်တော့ပါ။ သူငယ်တန်းကြီး မှာ ကျန်နေခဲ့သော ကျနော့် သူငယ်ချင်းတွေ ကလည်း ကျနော့်ကို မျက်လုံး အမျိုးမျိုးနှင့် လှမ်းကြည့် ကြပါသည်။ ဂရုဏာ သက်သော၊ လှောင်ပြောင်လိုသော၊ အထင်အမြင်သေးသော မျက်လုံးများ ဖြစ် လိမ့်မည်ဟု ယခု အချိန်မှာ ကျနော် စဉ်းစား ကြည့်မိပါသည်။

သူငယ်တန်းလေးမှာ ယခုနှစ်မှ ကျောင်းသို့ ရောက်လာသူတွေ ကြားထဲ ထိုင်နေခဲ့ရသည်။ ကျောင်းဆင်း ခေါင်းလောင်း ထိုး၍ အိမ်ပြန်ရသည့်အခါ ယခင်နေ့တွေကလို ကျနော် မပျော်တော့ပါ။ ဖေဖေနှင့် မေမေ သိသွားမှာလည်းကြောက်။ ငါတော့ တနှစ်လုံး သူငယ်တန်းလေး ဆင်းနေရ တော့မယ်ဟု တွေးပြီး အလွန်အမင်း ထိတ်လန့် မိပါသည်။


နောက်တနေ့ အတန်းတက်ချိန်မှာ သူငယ်တန်းလေးမှာပဲ ကျနော် သွားထိုင် နေရပါသည်။ ဆရာမကြီးက အတန်းရှေ့ စားပွဲ ကုလားထိုင်မှာ ထိုင်ရင်း ကျနော့်ကို လှမ်းကြည့် နေသည်ဟု ထင်ရသည်။ ကျနော်လည်း ရဲရဲလည်း ပြန်မကြည့်ဝံ့။ အတန်း တက်စမို့ အသံပေါင်းစုံ ကျွတ်ကျွတ် ညံနေပါသည်။ စားပွဲကို ကြိမ်ဖြင့် တစ်ဖျန်း ဖျန်း ရိုက်ရင်း `တိတ်ကြစမ်း´ဟု ဆရာမကြီး က တစ်ချက်အော် လိုက်သည်။ အသံတွေ အားလုံး တိတ်သွားပါသည်။ ထိုနေ့က အတန်းသားများ နာမည် စာရင်း မခေါ်မီ ကျွန်တော့် ကို အရင်ဆုံး ခေါ်ပါသည်။
`မောင်ကျော် .. .လွယ်အိတ် ယူခဲ့´ ဆိုသော အသံက သိသိသာသာ ချိုသာ ပျော့ပျောင်း နေပါသည်။ ကျွန်တော် လည်း လွယ်အိတ် လက်က ဆွဲလျက် ဆရာမကြီး ရှေ့မှာ ရပ်နေလိုက်သည်။
`သား …. အခု ဖ ဦးထုပ်ကို မေ့သေးလား´
ကျွန်တော် ခေါင်းယမ်း မိလိုက်သမလား မပြောတတ်တော့ပါ။ မမေ့တော့ဘူးဟု ဖြေလိုက်တော့ ကျွန်တော့် အသံ တိုးတိတ်လွန်း နေတာကိုတော့ ကောင်းကောင်း မှတ်မိနေ ပါသည်။ ဖြူဖွေး ဖောင်းအိနေသော မျက်နှာပေါ် ရှိ မျက်မှန်ကိုင်း အနက်ကြီးအောက်မှ ကျွန်တော့်ကို စူးစိုက် ကြည့်နေသော ဆရာမကြီး၏ မျက်လုံးများသည် အထူးပင် အေးချမ်း လှပါသည်။ 

ကျွန်တော့် ရင်ထဲ ရောက်သည် အထိ ခပ်မြန်မြန် ကူးစက်နိုင်စွမ်းသော အံ့သြဖွယ် အေးချမ်းမှုမျိုး ဖြစ်ပါသည်။ ထိုအချိန်မှာတော့ ကျွန်တော် ဆရာမကြီး၏ မျက်လုံးများကို ရှောင်လွှဲရန် မတတ်နိုင်တော့ပါ။ ကျွန်တော် ကိုယ် တိုင် က ဆရာမကြီး၏ အေးချမ်းသေ မျက်လုံး များကို လိုလိုလားလား ခံယူနေမိပါသည်။ ထို အေးချမ်းမှုသည် မိဘ က သားသမီး အပေါ်၊ ဆရာက တပည့် အပေါ်ထားသော မေတ္တာပင် ဖြစ်ကြောင်း ကျွန်တော် အရွယ်ရောက်လာတော့ သိလာရပါသည်။ ကျွန်တော့် ရင်ထဲမှာ သူ့အလိုလို တစ်လှိုက်လှိုက် ဖြစ် လာပါသည်။

`သား…. စာကြိုးစား ရမယ်နော်။ ဆရာဆိုတာ စာတော်တဲ့ လိမ္မာရေးခြား ရှိတဲ့ ကျောင်းသားမျိုးကိုပဲ သူတို့ ဘ၀ တလျှောက်မှာ ကြုံချင်၊ ဆုံချင်ကြတာပေါ့။ ဆရာတွေ ကြုံချင်၊ ဆုံချင်တဲ့ ကျောင်းသားမျိုး ဖြစ်အောင် ကြိုးစားရမယ်နော်၊ ကြားလား´
`ဟုတ်ကဲ့´ ဟု ကျွန်တော် ခေါင်းညိတ်ပါသည်။ ကျွန်တော့် အသံက တုန်ယင် လှုပ်ရှား နေပါသည်။
`ကဲသွား .. သူငယ်တန်းကြီးမှာ ပြန်ထိုင်၊ ဟိုမှာ မင်းသူငယ်ချင်းတွေက မင်းကို မျှော်နေကြပြီ´

`ဟေး´ ခနဲ အော်လိုက်သံ အတန်းထဲက တစ်ပြိုင်နက် ထွက်လာပါသည်။ ထိုအချိန် ကျွန်တော့် မျက်နှာပေါ် မျက်ရည်တွေ ဘယ်လိုက ဘယ်လို ရောက်လာမှန်းပင် မသိတော့ပါ။ ကျွန်တော် သူငယ်တန်းလေး မဆင်းရတော့ဘူး။

အထက်ပါ အဖြစ်အပျက် ကလေးက ကျွန်တော့် အသည်းထဲမှာ တစ်သက်လုံး စွဲသွားပါသည်။ ဘ၀ကိုလည်း များစွာ ပြောင်းလဲ စေခဲ့ပါသည်။ ထိုကတည်းကစ၍ ကျွန်တော် လူညံ့တစ်ယောက် ဖြစ်မှာ အကြောက်ကြီး ကြောက် သွားခဲ့ပါသည်။ လှောင်ပြောင်သော၊ အထင်အမြင်သေးသော၊ မျက်လုံးမျိုးတွေနှင့် ဘယ်တော့မှ ရင်မဆိုင် ရအောင် ကျွန်တော် ကြိုးစား ခဲ့ပါသည်။

အခုနေအခါ ကျွန်တော့် ဘ၀ တစ်လျှောက် ဖြတ်သန်း ခဲ့ရသည်များကို ပြန်လည် စောင်းငဲ့ကြည့်မည် ဆိုလျှင် ထင်းထင်းကြီး သိနိုင် မြင်နိုင်သော အချက် တစ်ချက်ကို တွေ့ရပါသည်။ နေရာတိုင်းမှာ အများထက် မသာသည့်တိုင် အညံ့ဆုံး ဆိုသော နေရာမျိုးကို ကျနော် ဘယ်တော့မှ မရောက်ခဲ့ပါ။ ထိုသို့ ဖြစ်အောင်လည်း ကျွန်တော် အစဉ်အမြဲ ကြိုးစားနေပါသည်။ ကြိုးစားချင်စိတ် လျော့နည်းသည့် အခါတိုင်းလည်း ဗျည်းနံပါတ် (၂၂) ဖ ဦးထုပ် အက္ခရာလေးက ကြိမ်နှင့် တို့သလို ကျွန်တော့်ကို သတိပေးလေ့ ရှိပါသည်။ ထိပ်ဆုံး ဆိုသော နေရာကို မရခဲ့တာ ကတော့ ကျွန်တော့် ပင်ကိုယ်ဥာဏ်ရည် ဥာဏ်သွေး အားနည်းမှုသာ ဖြစ်ပါသည်။

ဖ ဦးထုပ် အက္ခရာလေး မပျောက်ပျက်သမျှ ဆရာမကြီး ဒေါ်စန်းရီ လည်း ကျွန်တော့် နှလုံးသားထဲက ဘယ်တော့ မှ ပျောက်ပျက် လိမ့်မည် မဟုတ်ပါ။ သို့သော်လည်း ဆရာနှင့် တပည့် ဆိုသည်မှာ ကာလကြာသည်နှင့်အမျှ တစ်စစ မေ့ပျောက် ဝေးကွာ သွားတတ်သည့် သဘာဝ ရှိပါသည်။ အထူးသဖြင့် မူလတန်းမှာ ကြုံဆုံခဲ့ဖူးသည့် ဆရာ၊ ဆရာမ များ ဆိုလျှင် ထိုသဘာဝက ပို၍ ပေါ်လွင်တတ် ပါသည်။

ထိုသဘာဝမျိုးဖြင့် ကျွန်တော်နှင့် ဆရာမကြီး ဒေါ်စန်းရီ တို့ ဝေးကွာ သွားခဲ့ပါသည်။ ကာလ အားဖြင့် ခန့် မှန်းခြေ အနည်းဆုံး (၁၅) နှစ်လောက် ကြာသွားသည်ဟု ကျွန်တော် ထင်ပါသည်။ အလုပ်အကိုင် အတည် တကျဖြင့် ကျွန်တော် တစ်နယ် တစ်ကျေးမှာ တာဝန် ထမ်းနေရချိန် ဖြစ်ပါသည်။

`မင်း …. ဒီတခါတော့ ခွင့်ရလို့ပြန်ဖြစ်ရင် တို့ဆရာမကြီး ဒေါ်စန်းရီ ဆီ ရောက်အောင် သွားလိုက်ပါဦးကွာ။ အသက်ကကြီးတော့ ကျန်းမာရေးလည်း မကောင်းရှာဘူး။ စီးပွားရေးလည်း မပြေလည်ရှာဘူး။ တပည့်ဟောင်းတွေ့လည်း သိပ်ဝမ်းသာ ရှာတယ်။ အဲဒီ နေ့မျိုး ဆိုရင် ဘာဆေးမှ မသောက်ရဘူး။ သူ့ အလိုလို နေလို့ ကောင်းတယ်တဲ့´။

မူလတန်းတုန်းက သူငယ်ချင်း တစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံစည်း မိခိုက် အထက်ပါ စကားများ ကျွန်တော့်ကို ပြောသွားခဲ့ပါသည်။ အို… ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့် မိခင် နေမကောင်းဘူး ဆိုတာကို ကြားလိုက်ရသလို ခံစားရသည်။ သွားရမယ်။ နယ်ပြန် ဖြစ်ရင် ဆရာမကြီးဆီ ရောက်အောင် သွားရမယ်ဟု စိတ်ထဲမှာ တေး ထားလိုက်ပါသည်။ ဒါပေမယ့် ကျွန်တော် ရုတ်တရက် မပြန် ဖြစ်ခဲ့ပါ။ သူငယ်ချင်း ဖြစ်သူနှင့် တွေ့ပြီး နှစ်ဝက် ခန့် ကြာသည့် အချိန်ရောက်မှပင် နယ်သို့ ပြန်ဖြစ်ခဲ့သည်။

ကျွန်တော် ဆရာမကြီးအိမ် ရောက်သွားတော့ ဆရာမကြီးသည် ခေါင်းရင်း ရှိ ခုတင်လေးပေါ်တွင် လဲလျောင်း နေပါသည်။ အခြား ဘယ်သူမှလည်း မတွေ့ရပါ။ ဆရာမကြီး ဟု ကျွန်တော် ခပ်တိုးတိုး ခေါ်လိုက်တော့ ဆရာမကြီး မျက်လုံး ကလေး အသာအယာ ဖွင့်လာကြပါသည်။ အတော်ပင် ဝေသီ မှုန်မှိုင်း နေကြပါပြီ။ 

`ရှင် …. ´ တဲ့။ ဆရာမကြီး ထူးလိုက်ပုံ ကြားရတာ ကျွန်တော့် စိတ်ထဲ တစ်မျိုးကြီး ခံစား လိုက်ရပါသည်။
`ဆရာမကြီးရဲ့ တပည့်ဟောင်းပါ။ ဆရာမကြီး ကို လာကန်တော့ တာပါ´

`သြော် .. အေးအေး .. .သားကလဲ သူ့အိမ်နဲ့ သူ ခွဲနေတယ်လေ။ မြေးကလေး တစ်ယောက်တော့ ဆရာမကြီး နဲ့ အတူ လာနေပါတယ်။ အခု ဈေးသွားနေ တယ်လေ´

ဆရာမကြီးက သူ့ အထီးကျန်ဆန်မှုကို ဖုံးကွယ် လိုဟန်ဖြင့် ကျွန်တော်က ဘာမှ မမေးရသေးဘဲ ပြောနေပါသည်။ ပြီးတော့ ခုတင် ဘေးကပ်လျက် ပက်လက် ကုလားထိုင် ကလေးပေါ် ရွှေ့၍ ထိုင်ပါသည်။

ကျွန်တော် ဆရာမကြီးကို ကန်တော့လိုက်ပြီး ကျွန်တော့်ကိုကော ဆရာမကြီး မှတ်မိရဲ့လားဟု မေးလိုက်သည်။ ဆရာမကြီးက ကျွန်တော့်ကို စူးစိုက်ကြည့်နေပါသည်။ နှုတ်ခမ်းတွေက တစ်ရွရွ လှုပ်ရှားနေကြပါသည်။ ကျွန်တော်လည်း ဆရာမကြီးကို ငေးကြည့်ရင်း ရင်တွေ တစ်ထိတ်ထိတ် ခုန်လာပါသည်။

ဆရာမကြီး၏ ဖျော့တော့ အားနည်းလှသော နှုတ်ခမ်းပေါ်မှာ အပြုံးတစ်စ ပေါ်လာပြီး အရေပြား ကလေးများ ပဲကြီးခွံ တွန့်သလို တွန့်နေသော လက်ချောင်းများဖြင့် ကျွန်တော့် ပခုံးကို လှမ်းကိုင်ပါသည်။ ပြီးတော့ ပုစ္ဆာတပုဒ် ၏ အဖြေမှန်ကို ရသွားသော ကျောင်းသားလေး တစ်ယောက်သဖွယ် အားတက်သရော အသံဖြင့် `မင်း…. ဖ ဦးထုပ် မှုတ်လား၊ ဟုတ်တယ် မဟုတ်လား`တဲ့။

ထိုအခါတော့ ဘယ်လို ဖြစ်သည်မသိ၊ မငိုပါဘဲနှင့် ကျွန်တော့် မျက်နှာပေါ် မျက်ရည်တွေ အလိုလို ရောက်လာကြပါသည်။ ကျွန်တော် ဆရာမကြီး၏ ခြေဖမိုးပေါ် မျက်နှာ အပ်ရင်း မျက်ရည်များဖြင့် ပွတ်သပ် နမ်းရှုံ့ နေ မိပါတော့သတည်း။


ဖူးကျော်

မင်းကြီးညို ရွှေရတု မဂ္ဂဇင်း (၂၀၀၂)


No comments:

Post a Comment