Tuesday, January 31, 2017

တစ်ဖက်မြင် တစ်ဖက်ကန်းသောသူ စုံလုံး ကန်းသောသူနှင့် မျက်လုံးနှစ်ဖက် မြင်သည့်လူ



လူ သုံးမျိုးနှင့် အမြင် သုံးမျိုး

  ဤလောကကြီးတွင် မှီတင်းနေထိုင်ကြသည့် သတ်ရှိ သတ္တ၀ါတို့ကို ထို အန္ဓသုတ်တော်ဖြင့် မြင်ကြည့်ပါက အုပ်စု သုံးမျိုးသာ ထွက်လာသည်။ 

(၁) လောက မျက်လုံး၊ ဓမ္မမျက်လုံး စုံလုံးကန်းနေသော၊ အမြင်နှစ်ဖက် ချို့တဲ့နေသော (အန္ဓစက္ခု) ပုဂ္ဂိုလ် တစ်စု။
 
(၂) လောက မျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော၊ ၀ါ- တစ်ဖက်မြင် တစ်ဖက် မလင်းသော (ဧကစက္ခု) ပုဂ္ဂိုလ် တစ်စု။

(၃) လောက မျက်လုံးကော ဓမ္မ မျက်လုံးပါ အလင်းနှစ်ဖက် ရှိသော၊ ၀ါ- နှစ်ဖက်မြင် နှစ်ဖက်လင်း ရှိသော (ဒွိစက္ခု) ပုဂ္ဂိုလ် တစ်စု။”ဟု ပုဂ္ဂိုလ် သုံးမျိုးရှိသည်။ (တယောမေ ဘိက္ခဝေ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ အံ-၁-၁၂၆) ဤ သုတ်တော်သည် လူတန်းစား သုံးမျိုး၊ အဆင့်သုံးမျိုး ခွဲခြားပေးလိုက်ခြင်းဖြစ်သည်။

  (၁) အန္ဓစက္ခု-စုံလုံးကန်း၊ အလင်းနှစ်ဖက်မရသော ပုဂ္ဂိုလ်

လောကကြီးပွားရေးအတွက် ဥာဏ်အမျှော်အမြင် မရှိသူ၊ သံသရာကြီးပွားရေး အတွက် ဥာဏ်ပညာ မရှိသူကို စုံလုံး ကန်းနေသူ၊ အလင်းနှစ်ဖက် မရသူဟု ဆိုသည်။ ထိုသူသည် လက်ရှိ ဘ၀မှာလည်း ပြည့်စုံ မှု မရနိုင်၊ စိတ်ချမ်းသာမှု မရနိုင်။ လောကလူသားတို့သည် ပတ်ဝန်းကျင်နှင့် နေကြရသည်၊ အသိုင်းအ၀န်းနှင့် နေကြရသည်ဖြစ်ရကား ကိုယ့်ရဲ့ စားဝတ် နေရေးအပြင် ရပ်ရေး၊ ရွာရေး၊ တိုင်းရေး ပြည်ရေး ကိစ္စတွေ၊ အနီးပတ်ဝန်းကျင်၏ သာရေး နာရေး ကိစ္စတွေ ရှိကြသည်။

  ထိုကဲ့သို့ ကိစ္စများမြောင် လူတို့ဘောင်မှာကား မရှိမဖြစ် လိုအပ်နေသည်ကား ထိုကဲ့သို့သော လူ့ ပတ်ဝန်း ကျင်နှင့် အဆင်ပြေအောင်၊ လိုက်လျှော ညီထွေရှိအောင် နေတတ်ဖို့ ဆိုသည်မှာ လောက မျက်လုံး၊ လူမှုရေး အမြင်၊ စီးပွားရေး အမြင် အလွန် လိုအပ်လှပါသည်။ စီးပွားရေးမှာ တိုးတက် လာအောင်၊ ရရှိနေပြီးသည်ထက် ပိုရလာအောင် စွမ်းနိုင်သည့် စူးရှသည့် လောက မျက် လုံး၊ ရရှိပြီးသားတွေကို ကျ မသွားအောင် ထိန်းထားနိုင်သည့် အမျှော်အမြင်များ အတွေးအခေါ်များ လိုအပ်သည်။

  ထိုကဲ့သို့ လောက မျက်လုံး မရှိသူသည် “အူမတောင့်မှ သီလစောင့်” ဆိုသကဲ့သို့ စားစရာ နေစရာ ရှားပါးနေသူများ၊ မရှိသူများမှာ နေစရာ အတွက် စားစရာ အတွက် တစ်ဘ၀လုံး အချိန်ပေးနေရသည့် အတွက် လောကမျက်လုံး မရှိနိုင်၊ လောကမျက်လုံး မရှိသော သူသည် ဓမ္မ မျက်လုံး၊ ဓမ္မအမြင်များ ရရှိနိုင်ဖို့ အလွန်ခက်ခဲသွားသည်။ လောက မျက်လုံး မရှိသောသူသည် သံသရာ အတွက် မစဉ်းစားနိုင်ဘဲ ရှိနေသည်၊ လက်ရှိ ဘ၀ ခက်ခဲနေသူသည် နောင်ရေး အတွက် မျှော်လင့် တောင့်တနေမည်မဟုတ်။ သို့အတွက် သံသရာကြီးပွားရေး အတွက် ဓမ္မမျက်လုံးကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ အလွန့် အလွန်ကို ခက်ခဲသွားတော့သည်။

မြတ်ဗုဒ္ဓ လက်ထက်တော်အခါ ကုဋေရှစ်ဆယ် ကြွယ်ဝသည့် သူဌေးသား တစ်ယောက်သည် ငယ်စဉ်က တည်း က ဘာ ပညာမှ မသင်၊ မိဘများသည်လည်း “သူတို့ ပိုင်ဆိုင်ထားသည့် စည်းစိမ်များသည် သူတို့ သားလေး တစ်သက် မကုန်နိုင်”ဟု ယူဆ ထားခြင်းကြောင့်နှင့် သားလေးကို ချစ်လွန်း၍ ပညာသင်လျှင် သား ပင်ပန်းမည်ဟုသော သားအပေါ်ထားရှိသည့် ကရုဏာ များကြောင့် သူတို့မျက်စိအောက်မှာ သားလေးကို ပညာသင်ခွင့်မပေးခဲ့။

  မိဘများ ၏ သား အပေါ် ထားရှိသည့် မဟာ အမှား တစ်ခုဖြစ်သည်။ ကရုဏာ ပညာ ဟန်ချက်ညီအောင် ထားနိုင်ခြင်း မရှိသည့် မိဘများ၏ အမှားကြောင့် သားလေး တစ်ယောက် ပညာမဲ့ လူတန်းစား တစ်ယောက်ဖြစ် ရသည်။ မိဘများ ကွယ်လွန်သည့် အခါ ထို ပညာမဲ့ သူဌေးသားလေးသည် တစ်ယောက်တည်း ကျန်ရစ်သည်။ 

မိဘများ ရှာဖွေထားသည့် ကုဋေရှစ်ဆယ် ပစ္စည်းများကို မိမိ လက်ထက်မှာ တိုးပွားလာအောင် စွမ်းဆောင်နိုင်သည့် ပညာမရှိ၊ ထို ရှစ်ဆယ်သော ကုဋေမှ လျှော့ကျ မသွားအောင် ထိန်းထားနိုင်သည် လောက မျက်လုံး လည်း မရှိ၊ ပေါင်းသင်းထိုက်သူ မပေါင်းသင်းထိုက်သူ များကို ခွဲခြားသိမြင်သော လူမှုရေး ပညာ၊ ကောင်း ၏ မကောင်း ၏၊ အပြစ်ရှိ အပြစ်မရှိ၊ လုပ်သင့် မလုပ်သင့်သည်များကိုလဲ ခွဲခြားသိမြင်းသော ဓမ္မမျက်လုံးလည်း မရှိ၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်သည့် အတွက် လူလိမ် လူညာများ၊ အမူးသမား အရူးသမား၊ အပျော်ကျူး၊ အလောင်း ကစားကျူး သူများနှင့်ပေါင်းမိကာ ရှိသမျှ ပစ္စည်းတွေလည်း ကုန်၊ နေစရာ အိမ်ပါ မကျန်တော့သဖြင့် ထိုလူမိုက်များနှင့်ပေါင်းကား သူခိုး ဓားပြ ဘ၀သို့ ရောက်သွားလေတော့သည်။

  အကယ်၍သာ ပထမ အရွယ်၊ သို့မဟုတ် ဒုတိယ အရွယ်၊ သို့မဟုတ် တတိယ အရွယ် တစ်ခုခုမှာ လောကမျက်လုံးရှိခဲ့ရင် သူဌေးကြီး၊ သူဌေးလတ်၊ သူဌေးငယ် တစ်ခုခု ဖြစ်နိုင်ခွင့် ရှိသေးသည်။ အလားတူပင် ထို အရွယ်သုံးပါ တစ်ပါးပါးတွင် ဓမ္မမျက်လုံး အလင်းရှိခဲ့ပါက ထို တစ်ရွယ်ရွယ်တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာမဂ်အဆင့်ထိ တစ်ဆင့်ဆင့်သို့ ရောက်နိုင်မည်။

သို့သော် နှစ်ဖက်ကန်း၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ထို လောက အခွင့်ရေး ဓမ္မ အခွင့်အရေးနှစ်ခုလုံး ဆုံးရှုံးကာ လက်ရှိ ဘ၀မှာလဲ ဆင်းရဲပေါင်းများစွာဖြင့် လူလုံးမလှ အပူလုံးကြွကာ၊ နောင်ဘ၀ အသစ်မှာတော့ အပါယ်လေးပါး လားရတော့သည်။




  (၂) ဧကစက္ခုက-တစ်ဖက်လင်း၊ တစ်ဖက် မမြင် လောက မျက်လုံး အလင်းသာရှိ၊ ဓမ္မ မျက်လုံး အလင်း မရှိသော (၀ါ) တစ်ဖက်မြင် တစ်ဖက် မလင်းသော ပုဂ္ဂိုလ် ကို ဧကစက္ခု က ပုဂ္ဂိုလ်ဟု ဆိုသည်။ ထိုကဲ့သော ပုဂ္ဂိုလ်မျိုးတွေ လောကတွင် အမြောက်အများ ရှိသည်။ စီးပွားရေး အမြင်ရှိသည်၊ ငွေ ရွှေ ဘယ်လို ၀င်လာအောင်၊ ဘယ်လို တိုးလားအောင် နည်းလမ်းပေါင်းစုံ ကျွမ်းကျင်သည်။

 လောက စီးပွားရေး အတွက် လောက မျက်လုံးပဲရှိ၊ ဓမ္မ မျက်လုံး ကိုကား မရှိသောကြောင့် ဘယ်သူသေသေ ငတေ ချမ်းသာ ပြီးရော ဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်သည်။ တစ်ဖက် အစွန်းရောက်နေသော လောက မျက်လုံးကို ထိန်းညှိပေးသည့် ဓမ္မမျက်လုံး မရှိသည့် အတွက် ၀ိသမ နည်းလမ်းတွေဖြင့်လည်း ရအောင် အားထုတ်သည်။ လောကကောင်းကျိုးမပြုသည့် အရောင်းအ၀ယ်၊ လောက အကျိုးမဲ့စေသည့် အရောင်းအ၀ယ် များဖြစ်သည့် လက်နက် အရောင်းဝယ်၊ လူကုန်ကူးမှု၊ မူးယဇ်ဆေးဝါး အရောင်းအ၀ယ် စတဲ့ လူသား အကျိုးမဲ့ စီပွားရေးများကို ငွေ၊ ရွှေ ရပြီးရော ဆိုပြီး ရှာဖွေနိုင်သည့် လောက မျက်လုံးကားရှိသည်။

  ဓမ္မ မျက်လုံး အလင်းကား မရရှာ သဖြင့် အလို ဣစ္ဆာကြီးသူသည် လောကကောင်းကျိုး၊ လောက မကောင်းကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်သော ဥာဏ် မျက်လုံးမရှိ။ မြတ်ဗုဒ္ဓ လက်ထက်တော်အခါက စုံလုံးကန်းနေသည့် လူတစ်ယောက် အကြောင်း၊ အနည်းစပ်ဆုံး၊ လူအသိများဆုံး ဇာတ်လမ်း တစ်ပုဒ်ရှိသည်။ ထိုသူသည် နှစ်ပေါင်း ၅၅နှစ် တိုင်တိုင်၊ သူသေသိတိုင်အောင် သားသတ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ ထိုသူကား စုန္ဒ ဖြစ်သည်။ 

ဝက်သတ်၍ စီးပွားရှာသဖြင့် သူ့ကို စုန္ဒသူကရိက ဟု လူအသိများသည်။ နှစ်ပေါင်း ၅၅ တိုင် ၀က် များကို တိုင်မှာ ချည်နှောင်၊ တူ၊ ဒုတ်၊ ဓား စသည့်လက်နက်များဖြင့် ထုရိုက်သတ်ပြီး၊ မသေ မရှင်၊ အရှင် လတ်လတ် ရေနွေးပူဖြင့်လောင်း၊ အမွှေးများနှုတ်၊ အသားပြုလုပ်၍ လက်လီ လက္ကားအရောင်း အ၀ယ်ဖြင့် စီးပွားတော့ ဖြစ်နေသည်။ ထိုအလုပ်သည် ဓမ္မမျက်လုံး ရှိသူအတွက် အလွန် အပြစ်ကြီးသည့် အလုပ်ဖြစ်နေသည်။ ဓမ္မမျက်လုံးရှိနေသူ မည်သူ မဆို ထိုအလုပ်မျိုး မလုပ်နိုင်။ 

သူကတော့ ၅၅ နှစ်တိုင် ထို အစီးအပွားဖြင့် အဆင်ပြေနေခဲ့သည်။ သို့သော်လည်း သေခါနီး အချိန် ၀က်လိုအော်၊ အခုတ် အသတ်ခံ၊ ရေနွေး အပူခံ၍ ၀က်များအော်သလို (၇) ရက် တိုင် အော်ပြီး သေသွားရှာသည်။ နောင် ဘ၀ လားသော် ငရဲ အထိ ဆင်းရတော့သည်။ လောက မျက်လုံး ဓမ္မမျက်လုံး (balance) ညီမျှနေဖို့လိုသည်။ လောကမျက်လုံးသာ ရှိသူသည် အစွန်းရောက် တတ်သည်၊ ထိုသို့ အစွန်းမရောက်အောင် စဉ်စား ဆင်ခြင် သုံးသပ်နိုင်သည့် ဓမ္မမျက်လုံး ရှိရမည်၊ ဓမ္မ မျက် လုံး မရှိပါက အကောင်းအဆိုး၊ လုပ်သင့် မလုပ်သင့်၊ အပြစ်မရှိ အပြစ်ရှိသည်ကို ခွဲမခြားနိုင်၊ အစွန်းရောက်သွားတတ်သည်။

  ဓမ္မမျက်လုံးဖြင့် လောက မျက်လုံးကို ထိန်းညှိပေးရသည်။ အလားတူပင် ဓမ္မမျက်လုံးသာ ရှိ၍ ဓမ္မ မျက်လုံး မရှိသော ဧကစက္ခု ပုဂ္ဂိုလ်လည်း ရှိသေးသည်၊ ထို ပုဂ္ဂိုလ်မျိုးကို မြတ်ဗုဒ္ဓက ထည့်သွင်းပြီး ဟောထားခြင်း မရှိသော်လည်း၊ မှန်းဆ၊ တွေးတော၊ နှိုင်းချိန်ပြီး အနုလုံ ပဋိလုံ နားလည်ရမည်ဖြစ်သည်။ စာရေးသူတို့ အားလုံး သတ်ရှိ သတ္တ၀ါများ ဖြစ်ကြသည်၊ ထို့ကြောင့် နေစရာ၊ စားစရာ၊ ၀တ်စရာ၊ ကျန်းမာရေး စသည်အားဖြင့် ဘ၀ အသက်ရှင်ရေးအတွက် လိုအပ်ချက်များစွာ ရှိပါသည်။ 

ထို လိုအပ်ချက်များကို ရှာနိုင်သည့် လောက မျက်လုံးက ရှိဖို့လိုသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို ဘ၀ကား အဆင်ပြေနေမှ ဓမ္မမျက်လုံးကို ရဖို့ ကြိုးစားရမည်၊ ဓမ္မမျက်လုံးသာ ရှိနေလျှင် လောက မျက်လုံး မရှိပြန်လျှင်လည်း လူမှုရေး ကျင့်ဝတ်တွေ လူမှု ဆက်ဆံရေးတွေ အားနဲသွားနိုင်သည်။ ထိုကြောင့် မြတ်ဗုဒ္ဓက ထိုနှစ်ခု ညီမျှနေဖို့လိုသည်အတွက်ကြောင့် ဒွိစက္ခု-နှစ်ဖက်မြင် နှစ်ဖက်လင်း ပုဂ္ဂိုလ်ကို ဆက်လက်ဟောကြားသည်။


  ဒွိစက္ခုက-နှစ်ဖက်မြင် နှစ်ဖက်လင်း

လောက မျက်လုံး အလင်းလည်းရှိ၊ ဓမ္မ မျက်လုံးလင်းလည်းရှိသူ ကို ဒွိစက္ခုက ဟုခေါ်သည်၊ နှစ်ဖက်အမြင်၊ နှစ်ဖက်အလင်း ရှိသူဖြစ်သည်။ လောကကြီးပွားရေး အမြင်လည်းရှိသည်၊ သံသရာ ကြီးပွားရေး အမြင်လည်းရှိသည်။ လောကီ လောကုတ် နှစ်မြာအလုပ်ကို လုပ်စွမ်းနိုင်သည့် အမြင်ရှိသူ ဖြစ်သည်။

 လောကီ နယ်ပယ်မှာ နေသူများပဲ ဖြစ်ဖြစ် လောကုတ္တရာ နယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘ၀ အသက်ရှင်ရေးအတွက် ရှာရ ဖွေရမည်၊ ထိုသို့ ရှာဖွေ တတ်သည့် အမြင်များ ရှိဖို့လိုသည်။ ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဌေး တို့၊ ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါ တို့လို လူ့လောက၀ယ် သို့မဟုတ် လောကီနယ်ပယ်တွင် စီးပွားရေး အမြင်ရှိသူများ ဖြစ်ကြသည်။

  ထိုခေတ် ထိုကာလက သူတို့သည် တိုင်းပြည်မင်းလုပ် အုပ်ချုပ်ရေးနေသူများအတွက် အားကိုး အားထားရာလည်း ဖြစ်သည်၊ တိုင်းပြည်၊ မြို့၊ ရပ်ရွာတွေအတွက်လည်း အားကိုးရာဖြစ်သည့် သူဌေးများ ဖြစ်ကြသည်။ ဓမ္မမျက်လုံး၊ သံသရာကြီးပွားရေး အမြင်များ ရှိသူလည်းဖြစ်ကြသည့်အားလျှော်စွာ သူတို့ ရှာဖွေစုဆောင်းထားသည့် စည်းစိမ်ဥစ္စာတို့သည် ဓမ္မိယလဒ္ဓဖြစ်သည်၊ သန့်သန့်ရှင်းရှင်းဖြင့် ရရှိထားသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။

  ထိုစီးပွားရေးမှ ရရှိလာသည့် အကျိုးအမြတ်တို့သည် လူမှုရေးအပြင် တိုင်းရေး ပြည်ရေးအတွက်ပါ အကျိုးပြုသည်၊ ထိုစီးပွားရေးမှ ဖြစ်ထွန်းလာသော အကျိုးအမြတ်အစွန်းတို့သည် သာသနာတော်အတွက်လည်း ဖြစ်လာသည်။ သူတို့သည် လောကမျက်လုံး အမြင်ရှိသူများ ဖြစ်ကြသည့်အားလျှော်စွာ စီးပွားရေးလောကတွင် ထိပ်ထိပ်ကြဲ သူဌေးများ ဖြစ်ကြသည်။

 
ထိုစီးပွားရေးအမြင်ကို ဓမ္မမျက်လုံးဖြင့် ထိန်းကျောင်းထားနိုင်သဖြင့်လည်း တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာအတွက်ပါ အကျိုးများစွာ ဖြစ်သည်။ လောကမျက်လုံးရှိသူ စီးပွားရေးသမားသည် စီးပွားရှာရာမှာ လောဘရှိရမည်၊ လောဘရှိမှ စီးပွားဖြစ်မည်၊ သို့သော် ထိုလောဘသည့် ရှိသင့်ရှိထိုက်သော လောဘဖြစ်သည်။

 
လောဘဟူသည် သေ၀ိတဗ္ဗလောဘ- ရှိသင့်ရှိထိုက်သောလောဘနှင့် အသေ၀ိတဗ္ဗ- မရှိသင့်မရှိထိုက်သော လောဘဟု နှစ်မျိုးရှိသည်။ လုပ်အား အားလျှော်စွာ ရသင့်ရထိုက်သည့် အကျိုးအမြတ်အတွက် လောဘသည် ရှိသင့်သော လောဘဖြစ်သည် ။ လိမ်ညာခြင်း၊ လှည့်ပတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ စသည်ဖြင့် သူတပါး ဒုက္ခဖြစ်စေသည့် စီးပွားရေးသည် အသေ၀ိတဗ္ဗလောဘ-မရှိသင့်သော လောဘဖြစ်သည်၊ ရသင့်တာ ပိုလိုချင်သည့် လောဘဖြစ်သည်၊ ထို့အပြင် လက်နက်၊ မူးယဇ်ဆေးဝါး၊ လူကုန်ကူးခြင်းစတဲ့ တပါးသူများ ဆင်းရဲစေမည့် အလုပ်တို့သည် ၀ိသမလောဘများ ဖြစ်ရကား အသေ၀ိတဗ္ဗလောဘပင် ဖြစ်သည်။

ထို အသေ၀ိတဗ္ဗလောဘ သည် မရှိသင့်ဟု မြင်နိုင်စွမ်းသည်ကား ဓမ္မမျက်လုံးဖြစ်သည်၊ ရှိသင့်သော လောဘ၊ မရှိသင့်သောလောဘ ဟု ခွဲခြားသိမြင်ခြင်းသည်လည်း ဓမ္မ မျက်လုံးဖြစ်သည်၊ ထို ဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းကျောင်းခြင်းသည်ပင် လောက မျက်လုံး ဓမ္မမျက်လုံးတို့ ဟန်ချက် ညီနေကြခြင်းဖြစ် သည်။
 
အထက်ဖော်ပြပါ ကျောင်းဒကာ ကျောင်းအမကြီးများကဲ့သို့ လောက မျက်လုံး ဓမ္မမျက်လုံးဟန်ချက် ညီနေမှ လောက သံသရာနှစ်ဖြာ ချမ်းသာမည်၊ နှစ်ဖက်မြင် နှစ်ဖက်အလင်း ရှိနေပါမှ ဘ၀ သံသရာ ၀ဋ်မှ လွတ်မည်။
 
နိဂုံး
 
ဤသုတ်တော်လာ လူတန်းစား သုံးမျိုး အဆင့်အတန်းသုံးမျိုးတွင် စာရေးသူတို့ မည်သည့်အဆင့်တွင်ပါဝင်နေသနည်း?၊ မည်သည့် အုပ်စုတွင်ပါဝင်နေသနည်း?၊ ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။

မြတ်ဗုဒ္ဓဟောကြားခဲ့သည့် တရားတော်များသည် ကြေးမှုံ မှန်နှင့် တူသည်။ မှန်သည် ကြည့်ဖို့ ဖြစ်သည်၊ မျက်နှာ မှာ အစွန်း အထင်း၊ မှဲ့၊ အကွက် စသည့် အဆင်မပြေသည့် အရာများကို မြင်နိုင်ရန် ကြည့်မှန် ဖြစ် သည်၊ ကြည့်ပြီး ပြင်သင့်တာ ပြင်ရသည်။
 
အလားတူပင် ဓမ္မကြေးမှုံ သည်လည်း ကိုယ်ဘာလဲ ဆိုတာ ပြန်ကြည့်နိုင်ရန် မှန်တစ်ချပ်ဖြစ်သည်။ ထိုမှန်ကို ကြည့်ပြီး အန္ဓလား၊ ဧကစက္ခုလား၊ ဒွိစက္ခုလား၊ ကိုယ့် သန္တာန်မှာ ဘာ အပြစ်အနာဆာတွေ ရှိနေသနည်း ထိုမှန်ကို ကြည့်ပြီး ပယ်သင့်တာပယ်၊ ဖယ်သင့်တာ ဖယ်၊ ဖြည့်သင့်တာ ဖြည့်ရမည် ဖြစ်သည်။
 
မလိုအပ်တာ ဖယ်၊ လိုအပ်နေသေးသည့် ကောင်းသည့် အရာမှန်သမျှ ဖြည့်ရမည်သာတည်။ နှစ်ဖက်လုံး ကန်းနေလျှင် ဘာမှ မဖြင်နိုင်၊ တစ်ဖက်သာ အမြင်ရှိသူ ကတော့ ဝေေ၀ ၀ါးဝါး မြင်နိုင်သေးသည်၊ နှစ်ဖက်မြင် သူ ကတော့ အလင်းအား ပိုကောင်းသဖြင့် အရာအားလုံးကို မြင်နိုင်တော့သည်။



ရွှင်လန်းချမ်းမြေ့ပါစေ
 
သီတဂူစတား
YATANAVASA မှ တစ်ဆင့် ဓမ္မဒါနကူးယူတင်ပြအပ်ပါသည် ။
(ဗဟုသုတ တိုးပွားပြီး ကုသိုလ် တရား ပွားများနိုင်ကြ ပါစေ) သစ္စာရှင် မြတ်ဗုဒ္ဓ၏ သာသနာ page မှ ပြန် လည် တင်ဆက်သည် ။
 
( ဤ Page ရှိ Post များမှ ဓမ္မတရားတော်များကို အများသူငါ ဖတ်ရှုလေ့လာ ကုသိုလ်ပွားနိုင်ရန် အတွက် ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူ နိုင်ကြပါသည်)

cd:buddish dahmma page

Source

No comments:

Post a Comment