Sunday, January 29, 2017

ဘုရားစေတီတွေရဲ့ ရှေ့မှာ ခြင်္သေ့ရုပ်တွေ ထားခြင်းရဲ့ အဓိပ္ပါယ်



ဘုရားစေတီတိုင်း လိုလိုရဲ့ ရှေ့မှာ ခြင်္သေ့ရုပ်တွေ ရှိတာ အားလုံးသိကြမှာပါ။ ဘာကြောင့် ဒီလိုထားရ သလဲ ဆိုတဲ့ အကြောင်းကိုတော့ သိသူ ရှိသလို မသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတ အနေနဲ့ ပြန်လည် တင်ပြလိုက်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေ ကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော်ဘုရား လက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူ လတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးက ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြင်္သေ့ ရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး-

“ဂေါတမမြတ်စွာဘုရား အလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင် လက်ထက်မှာ ကေသရာဇာခြင်္သေ့မင်းဖြစ် ခဲ့သည်။ တစ်နေ့သော အခါ အလောင်းတော်ခြင်္သေ့မင်း အစာရှာ ထွက်စဉ်တောအုပ် အလယ်နေရာ ၌ ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓ သမာပတ် ဝင်စားလျက် ရှိသည်ကို ဖူးတွေ့လိုက်ရသည်။

 ခြင်္သေ့မင်းသည် လွန်စွာမှ ကြည်ညို အာရုံ ရှိသော ဘုရားဂုဏ်ကို အာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇော အဟုတ် ဖြင့် ခုနစ်ရက် ပတ်လုံး အစာရှာ မသွားတော့ပဲ ဘုရားရှင်၏ ရှေ့မှောက်တွင် ရိုသေဝပ်တွား ပူဇော်ဆည်းကပ်နေခဲ့သည်။

ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓ သမာပတ် မှ ထတော်မူသည့် အခါ ခုနှစ်ရက်ပတ်လုံး ကြည်ညို သဒ္ဓါ ထက်သန်စွာဖြင့် ဝပ်တွား ဆည်းကပ်နေသော ခြင်္သေ့မင်း အား မြင်တွေ့ရ၍ ‘နောင်အခါ ငါကဲ့သို့ပင် ဘုရား စင်စစ် ဧကန်ဖြစ်လတ္တံ’ လို့ ဗျာဒိတ်စကားမြွက်ကြားခဲ့သည်

ထိုသို့ ဘုရားအလောင်း ခြင်္သေ့မင်း ကို အကြောင်းပြု၍ နှောင်းခေတ် လူများသည် ဘုရားစေတီပုထိုးတို့အား ဖူးမြှော်ကန်တော့ရန် ရောက်ရှိသောအခါ အလောင်းတော်ခြင်္သေ့မင်း အား အတုယူပြီး ဘုရားရှင်အား စူးစူး နစ်နစ် ယုံကြည်စွာ ကြည်ညို သဒ္ဓါထားပြီး ဖူးမြှော်ဆည်းကပ် ကိုးကွယ်ရန် ခြင်္သေ့ရုပ်များ တည်ကြခြင်းဖြစ်ကြောင်း မုန်တိုင်ပင် ဆရာတော်ဘုရားကြီးက ရည်ညွှန်းဖွဲ့ဆိုပါတယ်။

မဇ္စိုမဒေသ အာသောက မင်းကြီးကတော့ သူ တည်ခဲ့တဲ့ ဘုရားစေတီ အဆောက် အအုံတွေမှာ ခြင်္သေ့ ရုပ်တစ်မျိုးတင် မကပဲ အခြား တိရစ္ဆာန် အာဇာနည် ၃မျိုး ကိုပါ ထားပါတယ်။ 



မည်သည့် အန္တရာယ်ကိုမှ မကြောက်ရွံတတ်သည့် အာဇာနည် ၄ မျိုးမှာ ခြင်္သေ့ ၊ ဆင် ၊ သိန္ဓောမြင်း နှင့် နွားလားဥသဘာ တို့ဖြစ်ပါတယ်။ ထို အရုပ်လေးမျိုးကို အာသောကမင်းကြီး၏ ကောင်းမူတော်များတွင် ဘုရားဘက်သို့ မလှည့်ပဲ ဝင်လာသူများဘက်သို့ လှည့်၍ ထားကြောင်းသိရပါတယ်။



Ref;
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သောဖြစ်ရပ်များ – နန္ဒာမိုးကြယ်
ဘာသာရေး ပြသနာများ – ဘဒ္ဒန္တ တိလောကသာရ
Creadit-Ayesay



http://goldenfuture999.blogspot.my/


No comments:

Post a Comment