Monday, February 6, 2017

မှိုလိုပေါက်နေသည့် အကြွေစေ့ ဂိမ်းဆိုင်ထောင်ချောက်များ



ရန်ကုန်မြို့တွင် ကလေးကစားကွင်း အမည်ခံ အကြွေစေ့ ဂိမ်းဆိုင်များ မိုးဦးကျ မှိုထက် ပေါများနေသော်လည်း အစိုးရသစ် လက်ထက်တွင် နှစ်ကြိမ်သာ ဖမ်းဆီးခဲ့ပြီး ယင်းနှစ်ကြိမ်စလုံးပင် ပိုင်ရှင်ကို ဖမ်းမိခြင်းမရှိဘဲ မြန်မာနိုင်ငံသား အကြွေစေ့ ဂိမ်းကစားသူနှင့် ကျေးလက်မှ လခစား ၀န်ထမ်းများကိုသာ ဖမ်းဆီး အကျဉ်း ချ ထားလေသည်။

ဖြစ်ရပ် (၁)
*************
၂၀၁၆ မေ ၂၅ ရက် ညနေ ၃ နာရီခန့် တွင် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း အပေါ်ဘလောက် မီးရထားခုံးကျော်တံတား အတက်အနီးရှိ Top Speed အကြွေစေ့ဂိမ်း ဆိုင်အား မြို့နယ်ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့သည်။ ယင်းသို့ ဖမ်းဆီးရာ အကြွေစေ့ဂိမ်းကစားသူ၊ ဆိုင်ဝန်ထမ်းနှင့် ဆိုင်ရှင် တရုတ်အမျိုးသားတဦးကိုပါ ဖမ်းဆီးရမိပြီး ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ ရဲမှ တရားလိုလုပ်၍ အမှုဖွင့်အရေး ယူခဲ့သည်။

ဖမ်းဆီးခံရမှုအတွက် ပိုင်ရှင်တရုတ်အမျိုးသားနှင့် ဆိုင်တွင်တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရှစ်ဦးအပြင် လာရောက် ကစားသူရှစ်ဦး အဖမ်းခံခဲ့ရသည်။ ဆိုင်ရှင် တရုတ်အမျိုးသားသည် အမှုအတွက် အာမခံလျှောက် ထားရာ မြို့နယ်တရားရုံးက တရုတ်နိုင်ငံသားဖြစ်သည့်အတွက် အာမခံမပေးဘဲနေခဲ့ရာ အဆိုပါ တရုတ်နိုင်ငံ သားမှ ခရိုင်ရုံးသို့ ဆက်တက်၍ အာမခံလျှောက်ထားခဲ့သည်။

ခရိုင်တရားရုံးမှ တရုတ်နိုင်ငံသား၏ နိုင်ငံကူး လက်မှတ်များကို သိမ်းဆည်းထားပြီး ကျပ်သိန်း ၁၀၀ ဖြင့် အာမခံပေးလိုက်ရာ အာမခံပေးပြီးသည်နှင့် နောက်ရုံးချိန်းများတွင် အဆိုပါ တရုတ်နိုင်ငံသား၏ အရိပ်ကိုမျှ မြင်ရခြင်းမရှိတော့ပေ။

အဖမ်းခံရသည့်ဝန်ထမ်းအမျိုးသမီးရှစ်ဦးသည်လည်း အဆိုပါဆိုင်ရှင်တရုတ်နိုင်ငံသားရှိစဉ်က အမှုရင်ဆိုင် နေစဉ် လစာပါပေးထားမည်ဟုပြောသည့်အပြင် အချုပ်ကျနေသည့်အချိန်တွင်လည်း ဆိုင်ရှင် တရုတ်၏ ထောက်ပံ့ပေးမှုဖြင့် အနေအစားသက်သာ ချောင်ချိမှုရှိသေးသည်ဟု အဖမ်းခံရသည့် အမျိုးသမီးလေးများ၏ မိသားစုဝင်များက ပြောသည်။

သို့သော် ဆိုင်ရှင်တရုတ်ထွက်ပြေးပြီးချိန်မှစ၍ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရတော့သည်ဟု ဆိုသည်။ အဆိုပါ ကလေးမရှစ်ဦးမှာ ပိုင်ရှင်တရုတ်နိုင်ငံသားအာမခံပေးခဲ့ပြီး နောက်ပိုင်းတွင် ရုံးချိန်းမှန်မှန်မလာဘဲ အင်းစိန်ထောင်ကြီးချုပ်ဖြင့် အမှုရင်ဆိုင်နေရသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။

ဖမ်းဆီးစဉ်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအဖြစ် လောင်း ကစားဝိုင်းများကို နှိမ်နင်းစဉ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တရားရင်ဆိုင်နေရသူတဦးက ပြောသည်။

”အမှုက ၁၀ ချိန်းကျော်နေပြီ၊ တရားလို ရဲမလာလို့ နောက်နေ့ထပ်ချိန်း၊ သက်သေမလာလို့ နောက်နေ့ထပ်ချိန်း၊ ရှေ့နေမလာလို့ ထပ်ချိန်းလိုက်နဲ့ ဘယ်တော့မှပြီးမယ် မသိပါဘူး။ ရှေ့နေက ပြောတာကတော့ အမှုက တ၀က် လောက်တော့ ပြီးပြီလို့ပြောတယ်”ဟု အဖမ်းခံထားရသူတဦးက ပြောသည်။ အမှုမှာ ၈ လ ကျော်သည်အထိ အမှုသွားအမှုလာအရ တ၀က်ခန့်သာ စစ်ဆေးနိုင်သေးသည်ဟုဆိုသည်။

အဖမ်းခံရသည့် ၀န်ထမ်းအမျိုးသမီးလေးများသည် ပညာအခြေခံနည်းပါးပြီး ရန်ကုန်၌ နေစရိတ် စားစရိတ်ငြိမ်း သည့်လုပ်ငန်းဖြစ်သောကြောင့် ယင်းအလုပ်ကို ၀င်ရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်ဟု အဖမ်းခံရသူများ၏ မိဘများက ဆိုသည်။

ယင်းအမျိုးသမီးလေးများသည် မိတ္ထီလာနယ်ဘက်မှဖြစ်ပြီး နွမ်းပါးသည့် မိဘဆွေမျိုးများမှာ ရုံးချိန်းတကြိမ် တကြိမ်လာရောက်ရာ၌ အကြွေးများပင်တင် နေသည်ဟု ဆိုသည်။ ဆိုင်ရှင်တရုတ်သူဌေးကတော့ အာမခံရပြီးချိန်မှစ၍ ထွက်ပြေးသွားခဲ့ရာ သာသာယာယာဖြစ်နေပြီး ၀န်ထမ်းနှင့် မြန်မာနိုင်ငံသားများမှာမူ ကာလကြာညောင်းစွာ အမှုရင်ဆိုင်နေရလေသည်။

ဖြစ်ရပ် (၂)
*************
၂၀၁၇ ဇန်န၀ါရီ ၁၀ ရက် ညနေ ၃ နာရီခန့်တွင် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်ရှိ CITY CENTER ဒုတိယထပ်တွင် ဖွင့်လှစ် ထားသည့် အကြွေစေ့ဂိမ်းဆိုင်အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မြို့နယ်ရဲကိုပင် အသိမပေးဘဲ ၀င်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။

ယင်းကဲ့သို့ ဖမ်းဆီးရာတွင် ဆိုင်တွင်တာဝန် ထမ်းဆောင်နေသည့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၉ ဦး အပါအ၀င် အကြွေစေ့ဂိမ်းဆော့ကစားနေသူ စုစုပေါင်း ၆၇ ဦး အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသူများအား ချုပ်ရက် တပတ်ယူပြီး ၀န်ထမ်းများမပါဘဲ ကစားသူများကို အာမခံပေးလိုက်သည်။ ၀န်ထမ်း ၁၉ ဦးအနေနှင့် ရမန်ကြီးတပတ် ပြည့်ချိန် ပထမဆုံးရုံး ချိန်းတွင် တရားလိုပြုလုပ်တိုင် တန်းသည့်ရဲမလာသဖြင့် အာမခံမရရှိခဲ့ပေ။ အဆိုပါ ဂိမ်းဆိုင်ပိုင်ရှင်ကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။



ဒီဖြစ်စဉ်နှစ်ခုအား ကြည့်မည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပထမဖြစ်စဉ်တွင် ပိုင်ရှင်ကို ဖမ်းဆီးရမိခဲ့ပြီး ဒုတိယဖြစ်စဉ်တွင် ဖမ်းမိခဲ့ခြင်းမရှိပေ။ ပထမဖြစ်စဉ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးသော်လည်း ပိုင်ရှင်သည် အာမခံရရှိ အောင်ဆောင်ရွက်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လေသည်။

ဒုတိယဖြစ်စဉ်မှာတော့ ပိုင်ရှင်အား မမိပေ။ သို့ကြောင့် အဓိကပင်ရင်းထက် ကိုယ့် နိုင်ငံသားများကိုသာ သဲကြီးမဲကြီး အရေးယူနိုင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။ ကလေးကစားကွင်း အမည်ခံ၍ အကြွေစေ့ဂိမ်းဆိုင်ဖွင့်သူများ ၉၉ ဒသမ ၉ ရာခိုင်နှုန်းခန့်သည် တရုတ်လူမျိုးများဖြစ်ကြလေသည်။ တရုတ်က စီးပွားရှာ၍ မြန်မာများက ထောင်တွင်းဝင်ပေးနေရသကဲ့သို့ ဖြစ်နေလေသည်။

အကြွေစေ့ဂိမ်းဆိုင်များအား ဖမ်းဆီးသည်ဆိုရာ၌ အကြွေစေ့ဂိမ်းစက်အများစုသည် ကလေးကစားစရာ ပစ္စည်းပုံစံဖြင့် သက်ဆိုင်ရာဌာနများကို တရားဝင်ဖြတ်သန်းပြီး စည်ပင်သာယာ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့် ရရှိသည်ဟုလည်း လေ့လာမှုများအရ သိရသည်။ ယင်းကဲ့သို့ ခွင့်ပြုသည်က ဌာနတခု၊ ဖမ်းဆီးသည်က ဌာနတခုဖြစ်နေခြင်းသည် မည်သူ့တွင် တာဝန်ရှိသနည်းမေးမြန်းသင့်သည်။

အကယ်၍ ဤစက်များသည် လုံးဝတရားမ၀င်ဟုဆိုလျှင် တင်သွင်းခွင့်မပေးဘဲ ဖမ်းဆီးမည်ဆိုလျှင်လည်း ပညာပေးကာလသတ်မှတ်ကာ တရားမ၀င်ကြောင်း ကြေညာဖမ်းဆီးသင့်ပြီး ယခုအခါ ဖမ်းချင်သည့်ဆိုင်ကိုသာဖမ်းပြီး မဖမ်းချင်သည့်ဆိုင်များ ရန်ကုန်တွင်သာမက တနိုင်ငံလုံး မိုးဦးကျမှိုကဲ့သို့ များပြားနေသည်ကို တာဝန်ရှိသူများ မျက်ကွယ်ပြု ထားကြလေသည်။

အစိုးရသစ်လက်ထက် ရန်ကုန်မြို့တွင် နှစ်ကြိမ် ဖမ်းဆီးမှုပြုသော်လည်း ရန်ကုန်မြို့၏ အထင်ကရ လမ်းမများ ပေါ် မနေ့တနေ့ကမှ ဖွင့်လှစ်သည့် အကြွေစေ့ဂိမ်းဆိုင်များ တိုးချဲ့ဖွင့်လှစ်သည်ကို မျက်မြင်တွေ့နေရသည် ဆိုလျှင် မည်ကဲ့သို့ပြောချင်သနည်း၊ ဖမ်းသူက စွမ်းသလား၊ ဖွင့်သူက စွမ်းနေသလားလည်း ရိုးသားစွာ သိချင်မိသည်မှာ အမှန်ပင်ဖြစ်သည်။

ရန်ကုန်မြို့တွင် ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှု စသည့် တရားခံ များကို ဖမ်းမမိခြင်းသည် တရားခံအရှောင်အတိမ်းကောင်းခြင်းကြောင့်ဖြစ်မည်ဟုတွေး၍ ရနိုင်သော်လည်း မြို့လယ်ကောင်လို နေရာများတွင် အကြွေစေ့ဂိမ်းဆိုင်များ အများအပြားရှိနေသည်ကို လမ်းဘေးကလူပင် သိနိုင်သော်လည်း ရဲတပ်ဖွဲ့က မသိဟုဆိုသည်မှာလည်း များစွာအံ့သြမိပါ၏။

အကြွေစေ့ဂိမ်းကစားသူများကြောင့် လူမှုပတ်ဝန်းကျင်သက်ရောက်နိုင်မှုအား မည်သူမျှ စိတ်ဝင်စားခြင်း မရှိကြပေ။ ကလေးကစားကွင်း အမည်ခံ အကြွေစေ့ဂိမ်းကစားသူများအား လေ့လာလျှင် လူတဦး သောင်းဂဏန်းမှ သိန်းရာဂဏန်းအထိ ဆုံးရှုံးဖူးသူများ လည်း မျက်မြင်ကိုယ်တွေ့ရှိပါသည်။ ရှုံးသူများကြောင့် ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုမဖြစ်ဟု မည်သူမျှ တပ်အပ်မပြောနိုင်ပေ။

ထို့အပြင် အချို့သော အကြွေ စေ့ဂိမ်းဆိုင်များသည် ကလေးသူငယ်များ လုံးဝ ၀င်ရောက်ခွင့်မရှိသကဲ့သို့ လူကြီးများပင် ကလေးပါလျှင် မ၀င်ရဟု စာကပ်ထားသည့် ကလေးကစားကွင်းအမည်ခံ အကြွေစေ့ဂိမ်းဆိုင်များပင်ရှိနေလေသည်။ အကြွေစေ့ဂိမ်းဆိုင်များကြောင့် မည်သူတွေစံပြီး မည်သူတွေခံရသလဲဆိုသည်မှာ အထူးမေးခွန်းထုတ်စရာ မလိုပေ။

စီးပွားရှာသူများက အခြားနိုင်ငံသား တရုတ်များဖြစ်ကြပြီး အဖမ်းခံရသောအခါ ထောင်နန်းစံရသူ များက ပညာအခြေခံနည်းပါးသည့် ကျေးလက်က လူများပင် ဖြစ်နေသည်။ ထိုကဲ့သို့ ဖြစ်နေသည့် အကြွေစေ့ ဂိမ်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများဘက်မှ တစုံတခုသောအဖြေအား အမြန်ဆုံးထုတ်ပေးရန် လိုအပ်နေလေသည်။



No comments:

Post a Comment