Wednesday, February 8, 2017

အဆိပ်ရှိသော သူငယ်ချင်းများ



“ရန်သူတစ်ယောက် တိုက်ခိုက်မှာထက် သူငယ်ချင်း အတုအယောင် တစ်ယောက် ပွေ့ဖက်မှာကို ကြောက်ပါ”တဲ့။ တစ်ကယ်တော့ သူငယ်ချင်းအတု ဆိုတာ သကြား အုပ်ထားတဲ့ အဆိပ် လိုပဲ။ သူငယ်ချင်းလို့ နာမည်ခံထားပေမယ့် ဘယ်သူ ငယ်ချင်းတွေက ကိုယ့်ကို အဆိပ်ဖြစ်စေသလဲဆိုတော့…

သူဌေးဂိုက် ဖမ်းသူ
********************
ကိုယ်နဲ့အတူ အပြင်သွားပြီ ဆိုပါစို့ ၊ သူကချည်း ပိုက်ဆံ သုံးနိုင်သလို အချိုးချိုးတာ မသိမသာ အိတ်ကိုင် ခိုင်းထားတာ သူပြောတာတွေချည်း နားထောင်နေရတာမျိုး ဆိုရင် သူ့ဘေးမှာနေရတာ ပင်ပန်းလာပါလိမ့်မယ်။ ကိုယ်အဆင်ပြေလားတစ်ခွန်းမမေး သူ့ပြဿ နာချည်း ပြောနေတာမျိုး ဆိုရင် တာရှည်သည်းမခံနိုင်ပါဘူး။ တစ်ကယ်တော့ သူငယ်ချင်းထားတယ် ဆိုတာ ပျော်ရွှင်ပေါ့ပါးမှုတွေ ဖန်တီးဖို့ပါ။ ကိုယ့်ကို အိမ်ဖော်စတိုင်လ် လာချိုးလို့ ကတော့ လုံးဝမပေါင်းပါနဲ့တော့။

သူပေါ်လွင်ဖို့ တွဲတဲ့သူ
*************************
တစ်ချို့ သူငယ်ချင်းတွေက မရိုးသားကြပါဘူး။ ကိုယ်နဲ့ သူဆို သူက နည်းနည်းပိုလှတယ် ဆိုပါစို့။ သူ့အလှပေါ်လွင်ဖို့ သူ့လောက် မလှသူကိုမှ တမင်ရွေးတွဲကြပါတယ်။ “ဟိုအုပ်စုထဲ သွားနေရင် ငါ့အလှက မှိန်သွားမယ်” လို့တွေးပြီး ကိုယ့်ကို အသုံးချပေါင်းသင်း တွဲသွားတွဲလာ လုပ်တတ်ကြပါတယ်။ ဒီလို သူငယ်ချင်းမျိုးကို ရင်ဘတ်ကြီးနဲ့ပေါင်းမိလို့ကတော့ ခံစားရဖို့သေချာတယ်။

လိုသုံး
*******
သူငယ်ချင်း တစ်ချို့က သူတို့ သာယာနေရင် ကိုယ့်ကိုမေ့ထားကြပါတယ်။ အဖော် မရှိ သွားချင် လာချင်ပြီ ဆိုမှ စကားချိုချိုလေးနဲ့ “သူငယ်ချင်းလေး မုန့်ကျွေးချင်လို့ပါ နင်လည်း ပျောက်နေတယ်နော်” ဘာညာ နဲ့ ။ ကိုယ်ကလည်း အပြောလေးမှာမျောပြီး အပြေးတစ်ပိုင်း သွားတွေ့။ တွေ့ပြီဆို အချိုးက အရင်အတိုင်း။ ကိုယ် အကူအညီလိုလို့ ကတော့ သူပြောတဲ့ အကြောင်းပြချက်တွေက ဇာတ်လမ်းတစ်ပုဒ်စာ ရနိုင်တယ်။ ဒါမျိုးကိုလည်း သတိထားနော်။

မနာလိုသူ
**********
“ ဟယ်…ချစ်လေး လှလိုက်တာ…မင်းသမီး လုပ်လို့တောင် ရမယ် သိလား ” ဆိုပြီး မျက်နှာလေးက ချိုပြုံးရွှင်နေသလောက် စိတ်ထဲက ကြိတ် မနာလိုသူတွေလည်းရှိတတ်သေးတယ်။ ကိုယ့်အောင်မြင်မှုကို ဝေမျှချိန် သူ့အပြုံး သူ့မျက်လုံးကို ဂရုစိုက်ကြည့်ပါ။ မနာလိုရိပ်တွေ ရှိနေရင်တော့ ဒီလို သူငယ်ချင်းမျိုးကို ထားပစ်ခဲ့လိုက်ပါတော့။ အချိန်ကြာလာရင် ဇာတိပြလာတတ်ပါတယ်။


ကိုရီးယား ဆန်သူ
********************
ကိုရီးယားဆန်သူ ဆိုလို့ ကိုရီးယားမနဲ့ တူတာကို ပြောတာမဟုတ်ပါဘူး။ ကိုရီးယား ကားတွေထဲကလို ပက်စက် ယုတ်မာ တတ်သူတွေကို ပြောတာပါ။ တစ်ချို့တွေ ကျ ကိုယ့်အလို လိုက်ပြီး အနစ်နာ ခံတော့ ပေါင်းပါရဲ့။ သူတို့ စိတ်တွေက ရိုးသားမနေဘူး။

ကိုယ့်ကိုကောင်းစေချင်တဲ့စိတ် မရှိဘဲ ဟိုလူနဲ့အောင်သွယ် ဒီလူနဲ့အောင်သွယ် မကောင်းမှန်းသိရက်နဲ့ လိုက်ဆွယ်တာမျိုး။ ကိုယ်ရုန်း မရတဲ့ အခြေအနေမျိုးကျမှ သူက ကိုယ်လွတ်ရုန်း ထွက်ပြေးတာမျိုးပေါ့။ တစ်ကယ်တော့ ဒီလိုသူငယ်ချင်းမျိုးက ကြောက်စရာ အကောင်းဆုံး။ ဘဝကို ပျက်တဲ့အထိ ဒုက္ခပေးတတ်သူတွေပါ။

ပရိသတ်ကြီး အနေနဲ့ရော သူငယ်ချင်း အတုတွေ ဒုက္ခပေးတာကြုံခဲ့ရဘူးလား။ သတိထားစရာ သူငယ်ချင်းမျိုးတွေရှိရင် ပြောခဲ့ပေးပါဦးနော်။


Photo Credit# The List
Credit: ဂျူဂျူး (အခရာ)
https://www.akhayar.com/toxic-friends/
လ ၇ိပ် ချို

No comments:

Post a Comment