Saturday, February 11, 2017

အဘိဓမ္မာမသင်ဘဲ သောတာပန် ဖြစ်နိုင်သလား



"သမိုင်း နဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ထင်ရှားတဲ့ သမိုင်းဆရာကြီး တစ်ယောက်က ပြောတယ် သမိုင်းကို ဘာလို့ သင်သင့်တာတုန်း ဆိုတော့ မအအောင်လို့ တဲ့၊ သမိုင်း မသိရင် အတယ်ပေါ့နော့် သမိုင်းသင်တာ မအအောင်။ အဲဒီတော့ အဘိဓမ္မာ သင်တာဟာ အလိမ် မခံရအောင် သင်တာ၊ ဒီလိုပြောရမှာပဲ အဘိဓမ္မာ မ တတ်လို့  ရှိရင် အလိမ်ခံရလိမ့်မယ်။ အလိမ်ခံရတယ် ဆိုတာ တရားထူး တရားမြတ် မဟုတ်ဘဲနဲ့ တရားလို့၊ သောတာပန် မဖြစ်ဘဲနဲ့ သောတာပန် ဖြစ်ပြီလို့ အလိမ်ခံလိုက်ရတယ်"

Sayadaw Dr Nandamalabhivamsa
ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ M.A; Ph.D
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်
(၁၄-၁၀-၂၀၁၂- မန္တလေး)


အဘိဓမ္မာကို သင်ယူခြင်းအားဖြင့် နောက်ဆုံးမှာ သမ္မာဓိဋ္ဌိဉာဏ် ရင့်သန် အမှန်မြင်လာတယ်။ ကိုယ့်ဘ၀ကိုယ် သိလာတယ်။ ကိုယ့်ရဲ့ ဘ၀အခြေအနေတွေကို ကောင်းကောင်းသိလာတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းကိုလည်းပဲ ရှင်းရှင်းကြီး မြင်လာစေတယ်။ အဲတော့ အဘိဓမ္မာ သင်ခြင်းကျိုးကျေးဇူးက အင်မတန်မှ ကြီးမှားပါတယ်။

တစ်ချို့ က စောတက တက်တာ ရှိသေးတယ်။ အဘိဓမ္မာ မသင်ဘဲနဲ့ရော သောတာပန် မဖြစ်နိုင်ဘူးလားဆိုတဲ့မေးခွန်းတွေ မေးသေးတယ်။ အဲဒီမေးခွန်းကျတော့ ဘယ်လိုဖြေသင့်သလဲဆိုရင် အဘိဓမ္မာ ဆိုတာ ဘာပြောတာလဲ၊ အဘိဓမ္မာ ခုနှစ်ကျမ်း ကိုပြောတာလား၊ အဘိဓမ္မာ ခုနှစ်ကျမ်း မသင်ဘဲနဲ့တော့ သောတာ ပန်ဖြစ်နိုင်တယ်။ သို့သော် အဘိဓမ္မာ ဆိုတဲ့ ရုပ်တရား နာမ်တရား မသိဘဲနဲ့တော့ သောတာပန် မဖြစ်နိုင်ဘူးလို့ပဲ ဖြေရမယ်။ 


ရုပ်နာမ် အကြောင်းမှ မသိရင် သောတာပန် မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ သောတာပန် ဖြစ်တယ် ဆိုတာက နာမရူပ ပရိစ္ဆေဒဉာဏ် က စတာ၊ နာမရူပ ပရိစ္ဆေဒဉာဏ် ရုပ် နဲ့ နာမ် ကွဲသွားမယ်။ ဒါဖြင့် ခုနှစ်နှစ် သမီးလေး ၀ိသာခါ သောတာပန်ဖြစ်တာ ရုပ်နာမ် ကွဲရဲ့လား ဆိုရင် ကွဲတာပေါ့။ မြတ်စွာဘုရားဟောနေတဲ့ သစ္စာလေးပါး ကို နာလိုက်တာ နဲ့ သူဟာသိတယ်။ 

အဘိဓမ္မာ မှာ သင်ထားတဲ့ ရုပ်တွေ နာမ်တွေ အကုန်လုံး ဥပမာ စိတ် က ၈၉ ရှိတယ်၊ စေသိက်က ၅၂ ရှိ တယ်၊ ရုပ်က ၂၈ ရှိတယ် လို့ ဒီလို သိတာကို ပြောတာ မဟုတ်ဘူး။ အဘိဓမ္မာ လို့ ပြောလိုက်ကတည်းက သိသင့် သိထိုက်တာလေးကို သူသိသွားပြီ။ ဆိုပါစို့ ခန္ဓာငါးပါး သိတယ် ဆိုလို့ ရှိရင် ကိုယ့်ခန္ဓာထဲမှာကြည့် ဝေဒနာ ကိုသိတယ်။ သညာဖြစ်တာကို သိတယ်၊ သင်္ခါရတွေဖြစ်တာသိတယ်၊ ၀ိညာဏဖြစ်တာသိတယ်၊ နာမ် ကို သိတာပဲလေ ဝေဒနာတစ်ခု သိတာနဲ့လည်း နိဗ္ဗာန်ရတာပဲ ။


 ဝေဒနာ နဲ့ ဆက်စပ်ပြီး ရုပ် ကိုလည်းသိတယ်၊ ဟုတ်လား။ ဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ခန္ဓာငါးပါး ခေါ်လိုက်တာနဲ့ ရုပ် နဲ့ နာမ်ကွဲပြီးတော့ ထူးခြားတဲ့ အမြင်တစ်ခု ရတာပဲ။ အဲဒီတော့ သောတာပန်ဖြစ်ဖို့ အဘိဓမ္မာသင်သင့်သလား အဘိဓမ္မာ မသင်ဘဲနဲ့ သောတာပန် မဖြစ်ဘူးလား၊ အဘိဓမ္မာ ဆိုတာ ဘာပြောတာလဲ၊ အဘိဓမ္မာ ခုနှစ်ကျမ်းပြောတာလား၊ လေးနက်တဲ့ ရုပ်နဲ့နာမ် ကို ပြောတာလား၊ လေးနက်တဲ့ ရုပ်အကြောင်း နာမ် အကြောင်း မသိဘဲနဲ့တော့ သောတာပန် မဖြစ်ဘူး။ အဘိဓမ္မာ ခုနှစ်ကျမ်း မသင်ဖူးဘဲနဲ့ ရဟန္တာ၊ သောတာပန် မဖြစ်နိုင်ဘူးလားဆို ဖြစ်နိုင်တယ် ဒါကတော့  ဥပမာ...... တစ်ခုပြောပြမယ် 

ကားမောင်းတာပဲ ကြည့်ပေါ့၊ ကားရဲ့ အင်္ဂါ အစိတ်အပိုင်း အင်ဂျင်က ဘာတွေ လုပ်တယ်၊ ဓာတ်ဆီက ဘာတွေ လုပ်တယ်၊ ကားရဲ့ အကြောင်းကို အသေးစိတ် မသိဘဲနှင့် ကိုယ် ကိုယ်တိုင် ကားမောင်းပြီး သွားလို့ရ မရ ဆင်ခြင် စဉ်းစားကြည့်၊ ကားအကြောင်း မသိဘူး ဘာတွေနဲ့ လုပ်ထားတယ်ဆိုတာ မသိဘူး။ ကားရဲ့ အင် ဂျင်တွေက ဘယ်လို အလုပ်လုပ်တယ်၊ ဓာတ်ဆီ က ဘယ်လို လုပ်တယ်ဆိုတာ မသိချင်နေပါစေ၊ အနည်း ဆုံးတော့ ကားမောင်းပြီး သွားချင်တယ်ဆိုရင် ကား ဘယ်လိုမောင်းရမလဲဆိုတာတော့ သိရမယ်။ 

ကားကို ဘယ်လိုမောင်းရမယ် ဆိုတာ သိရင်ကားနဲ့ သွားလို့ရပြီ။ အခု ကားမောင်းနေသူတွေကို မေးကြည့်ပေါ့ ပျက်လို့ ရှိရင် ဘာဖြစ်မှန်း မသိဘူး၊ Workshop သွားပြီးတော့ ပြင်ရတယ်။ How to drive တော့သိ တယ်၊ အဲဒီ How to drive သိတာဟာ ရုပ်နာမ် သိတာပဲ။ အဲဒီသောတာပန် ဖြစ်ဖို့ အတွက် ရုပ်နဲ့နာမ် ကိုတော့ သိဖို့လိုတာပေါ့။ 

အဲတော့ အဘိဓမ္မာ သင်တယ် ဆိုတဲ့ နေရာမှာ အဘိဓမ္မာ ကျမ်းတွေ သင်တာဟာလည်း ပဲ ရုပ်နှင့်နာမ် ကို အသေးစိတ် သင်တာပဲ။ ရုပ် အကြောင်း၊ နာမ် အကြောင်းကို သင်တာလည်း အဘိဓမ္မာ သင်တာပဲလို့ ခွဲခွဲခြားခြား သိဖို့လိုတယ်။ 





အဘိဓမ္မာ သင်တာဟာ သမ္မာဓိဋ္ဌိဉာဏ် ကို ရင့်သန်စေနိုင်တယ်ဆိုတာ အဘိဓမ္မာကျမ်း ပဲသင်သင်၊ အဘိဓမ္မာ ရုပ်နာမ် သဘာဝကိုပဲ သင်သင်၊ ဘယ်ဟာပဲ သင်သင် သင်တာဟာ သမ္မာဓိဋ္ဌိဉာဏ် ကို ရင့်သန်စေနိုင်တယ်။ ဒီတော့ ဒါမသင်ဘဲနဲ့ လုံးဝ မသိဘဲနဲ့ ဆိုပါစို့ ကား ဘယ်လိုမောင်းရမယ် ဆိုတာ မသိဘဲနဲ့ တက်မောင်း ရင်တော့ ဟိုတိုက် ဒီတိုက် တိုက်မှာပဲ။ 

အဲဒီတော့ အဘိဓမ္မာ မသင်ဘဲနဲ့ ရုပ်တရား နာမ်တရား အကြောင်း ကောင်းကောင်း မသိဘဲနဲ့ တရားအားထုတ်လို့ ရှိရင် ဘာဖြစ်နိုင်လဲ။ ဟိုတိုက် ဒီတိုက် တိုက်မှာပေါ့၊ ဒါပဲပေါ့။ ရုပ်မှန်း မသိ၊ နာမ်မှန်း မသိ၊ ကိုယ့်သန္တာန် မှာ ၀င်လာတဲ့ စိတ်ထဲ ၀င်လာတဲ့ အာရုံတွေကို ဒီအာရုံက ပညတ်မှန်း မသိ၊ ပရမတ်မှန်း မသိ၊ သမထ၊ ၀ိပဿ        နာ မကွဲ အဲဒီလိုတွေ ဖြစ်ကုန်မှာပေါ့။ 


သမထအာရုံ ဆိုတာ ပညတ်၊ အဲဒီ ပညတ်တွေကို ရှုနေပြီးတော့ ပရမတ် လို့ သွားထင်နေလို့ ရှိရင် ကိုယ် လုပ်နေတာက သမထ၊ ထင်နေတာက ၀ိပဿ        နာ ဒီလိုသွားဖြစ်မယ်။ တစ်လွှဲဖြစ်နေပြီပေါ့ အဲဒီ ကတည်းက၊ ကားမောင်း မသင်ဘဲနဲ့ ကားမောင်း လို့ ရှိရင် လွဲမှာ ပဲလေ ဒါကတော့၊ ဟိုတိုက် ဒီတိုက် တိုက်မှာပဲ ဒီလိုဖြစ်တာ။ 

အဲဒါကြောင့်မို့ အဘိဓမ္မာဆိုတာ သင်ရတယ် How to understand ပေါ့။ ရုပ်နှင့်နာမ်ကို ဘယ်လိုသိရမလဲ၊ ရုပ်ဆိုတာဘယ်ဟာလဲ နာမ်ဆိုတာ ဘယ်ဟာလဲဆိုတာလေး အသေးစိတ် သိဖို့လိုတယ်ပေါ့။ အဲဒီသင်ယူခြင်းဟာ အဘိဓမ္မာကို သင်ယူခြင်းပဲဖြစ်တယ် ဒီလိုဆိုတာနော့်။

အဲဒါကြောင့်မို့ အဘိဓမ္မာ ခုနှစ်ကျမ်း မှာလည်း ဖေါ်ပြရင် ဘာအကြောင်းတွေပြောလဲ စိတ် အကြောင်း၊ စေတသိက် အကြောင်း၊ ရုပ် အကြောင်း၊ နိဗ္ဗာန် အကြောင်းတွေပြောတယ်၊ ဒီလေးနက်တဲ့ တရား ဓမ္မတွေ အကြောင်း ကို ပြောတာချည်းပဲ အကုန်လုံး။ အဲဒါကြောင့်မို့ ဆက်စပ်လို့ ကြည့်မယ် ဆိုရင် အဘိဓမ္မာ သင်မှ သမ္မာဒိဋ္ဌိဉာဏ် ဟာ ပိုပြီးတော့ ရင့်သန်နိုင်တယ် ဆိုတာ ဒါ အသေအချာပဲ။ အဘိဓမ္မာ မတတ်ဘဲ အဘိဓမ္မာ မသိဘဲ တရား အားထုတ်လို့ရှိရင် ကားမမောင်းတတ်ဘဲ ကားမောင်းတဲ့လူနဲ့ သွားတူတယ်။ 


အဲဒီမှာ ကားမောင်းတဲ့လူ ကိုလည်းပဲ နှစ်ယောက် (နှိုင်းယှဉ်) ကြည့်ထား၊ နည်းနည်းပါးပါး ကားမောင်းနည်းကို သိတဲ့ပု ဂ္ဂိုလ်က သွားလို့ရတယ်၊ ကားမောင်းလို့ရပြီ။ သို့သော် ကားတစ်စုံ တစ်ခုဖောက်ပြီ ဆိုလို့ရှိရင် ဘာဖောက်မှန်း မသိတော့ဘူး။ 

တစ်ခါတုန်းက ဘုန်းကြီးတို့ ကားနဲ့ ခရီးသွားတာ ကားက လီဗာနင်း လို့ ရှေ့မတက်ဘူး။ ကားမောင်းတဲ့သူက ဘယ်လိုမောင်းရမယ် ဆိုတာလောက်ပဲ သိတယ် ဘာဖြစ်မှန်း မသိတော့ ဘာမှမလုပ်တတ်ဘူး။ ဘာမှ မလုပ် တတ်တော့ ၀ပ်ရှော့ဆရာဆီ သွားတဲ့ အခါကျတော့ ကားက ဘာမှဖြစ်တာ မဟုတ်ဘူး Filter ချီးဆို့ တာ၊ နားလည်တဲ့သူ ကျတော့ Filter လေးဆေးပြီး ပြန်တပ်ပေးလိုက်တော့ ပြီးရော၊ မလွယ်ဘူးလား။ 


အဲဒီလိုပဲ How to drive လောက်ပဲ သိပြီး ကားမောင်းလို့ ရှိရင်တော့ ဘာဖြစ်လို့ ဘာဖြစ်မှန်း မသိတော့ ရပ်တန့်သွားမှာပေါ့။ အဲတော့ အဘိဓမ္မာ မသင်ဘဲနှင့် လေးနက်တဲ့ တရားတွေ အလေးအနက် မသင်ဘဲနဲ့ တရား အားထုတ်လို့ရှိရင် ချီးဆို့ တာနဲ့ တွေ့ရင် သွားပြီပေါ့ အဲဒါကြောင့် ဒီလိုဆိုလိုတာနော့်။ အဲတော့ ကိုယ့်ဟာကိုယ်လည်း မရှင်းနိုင်တော့ဘူး၊ သင်ထားတဲ့ ပုဂ္ဂိုလ်ကျတော့ ရှင်းနိုင်တယ်။

ငယ်ငယ်တုန်းက ကြားရတယ်၊ အသံတွေ ထွက်လာတယ်၊ တရားအားထုတ်တာ စာတတ်ဖို့ မလိုဘူး၊ စာ တတ်လို့ ရှိရင် စာခံတယ်တဲ့။ ဟုတ်တာပေါ့ စာတတ်လို့ စာခံနေရင်တော့ ရှေ့မတက်ဘူးလို့ သူတို့ဆိုလိုတာပေါ့။ စာတတ်လို့ စာခံတာက တော်သေးတယ်၊ စာမတတ်လို့ အလိမ်ခံရတာက ပိုဆိုးတာပေါ့။ 


စာတတ်လို့ စာခံတယ် ဆိုရင် ထားပါတော့ မာနကြီးတဲ့ ပုဂ္ဂိုလ် စာခံချင် ခံမှာပေါ့နော့်။ ဒါမေပဲ့ မာနကသာ ခံလို့ရတာလေ။ အဲတော့ စာမတတ်လို့ အလိမ် ခံရရင်တော့ သွားပြီပေါ့၊ သောတာပန် မဟုတ်ဘဲနဲ့ သောတာပန်လို့ ပြောတာကို အဟုတ်ထင်၊ တရားထူး တရားမြတ်မရဘဲနဲ့ ရတယ်လို့ အဟုတ်ထင်နေရင် ဒါအလိမ်ခံရတာပဲ။ ပစ္စည်း အလိမ်ခံရတာက တစ်ဘ၀၊ တရားဓမ္မနဲ့ အလိမ်ခံရတာ တစ်သံသရာလုံး ရှုံးနိုင်တယ်။ 

ဒါကြောင့်မို့ ဘုန်းကြီးက ဆိုချင်တာ ကတော့ အဘိဓမ္မာ သင်ယူခြင်းသည် သမ္မာဒိဋ္ဌိဉာဏ် ကို ရင့်သန်စေ တယ်၊ ဒါကြောင့်မို့ အဘိဓမ္မာ ကို သင်ရမယ် ဒီလိုဆိုချင်တယ်။ သင်သင့်တယ်၊ အလိမ် မခံရအောင် သင်ရ မယ်။ 

သမိုင်းနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ထင်ရှားတဲ့ သမိုင်းဆရာကြီးတယောက် (ဒေါက်တာ သန်းထွန်း) က ပြောတယ် သမိုင်းကို ဘာလို့ သင်သင့်တာတုန်း ဆိုတော့ မအအောင် လို့တဲ့၊ သမိုင်းမသိရင် အတယ်ပေါ့နော့် သမိုင်းသင်တာ မအအောင်။ အဲတော့ အဘိဓမ္မာ သင်တာဟာ အလိမ် မခံရအောင် သင်တာ၊ ဒီလိုပြောရမှာပဲ အဘိဓမ္မာ မတတ်လို့ရှိရင် အလိမ်ခံရလိမ့်မယ်။ အလိမ်ခံရတယ်ဆိုတာ တရားထူးတရားမြတ် မဟုတ်ဘဲနဲ့ တရားလို့၊ ကိုယ်သိတဲ့တရားက တရားစစ်တရားမှန်လည်းမဟုတ်ဘဲနဲ့ အဘိဓမ္မာ မတတ်တဲ့ပုဂ္ဂိုလ်ဟာ အလိမ်ခံလိုက်ရတယ်။


 သောတာပန်/သတဒါဂမ်/အနာဂမ်/ရဟန္တာ/ မဖြစ်ဘဲ ဖြစ်ပြီလို့ အလိမ်ခံလိုက်ရမယ်။ သွားပြီ အဲဒီအလိမ်ခံလိုက်ရရင် ပစ္စည်းလိမ်သွားတာ ပြန်ရှာလို့ရသေးတယ်၊ ဒီအလိမ်ကြီး မိသွားရင်တော့ သံသရာမှာ ဒါမိစ္ဆာဘ၀ က မိစ္ဆာ ဒိဋ္ဌိဖြစ်သွားပြီ။ မဟုတ်တာကို အဟုတ်ထင်နေရင် ပိုပြီးတော့ ဆိုးတယ်၊ တရားထူး တရားမြတ် ရနိုင်တဲ့ အနေအထားရှိတာ မရ (တော့) ဘူး အဲဒီလို အလိမ်အညာ နဲ့ မိနေလို့။ ရနိုင်တဲ့ အခွင့်အရေးဆိုတာ အမြဲတမ်း ရှိတာမဟုတ်ဘူး။ လူဆိုတာ ကြည့်လေ () နိယာမတရား ငါးပါးဆိုတာ ကျန်းမာဖို့တို့ ရိုးသားဖြောင့်မတ်မှုတို့ ဒါတွေရှိမှ တရားထူး တရားမြတ်ဆိုတာ ရနိုင်တာ။ မကျန်းမာတဲ့ အခါကျတော့ ရဖို့ခက်သွားပြီလေ။ 

အဲဒါကြောင့်မို့ အဘိဓမ္မာ အရပ်စကားနဲ့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် အဘိဓမ္မာ သင်ယူခြင်းသည် သမ္မာဒိဋ္ဌိဉာဏ် ကို ရင့်သန်လာစေတယ်၊ ရင့်သန်စေနိုင်လို့ ဒီလိုပြောတာ၊ ပြို့ပီးတော့ ထင်ရှားတဲ့ စကားလုံးနဲ့ ပြော ရင်တော့နော့် အဘိဓမ္မာ သင်ယူခြင်းသည် အလိမ်ခံရခြင်းမှ လွတ်မြှောက်နိုင်သည်ပေါ့။ တရားဓမ္မနဲ့ ပတ် သက်ပြီး အလိမ်ခံရခြင်းမှ လွတ်မြှောက်နိုင်သည်ပေါ့။ 


အဲဒီတော့ တရားဓမ္မ နဲ့ ပတ်သက်ပြီးတော့ အလိမ်ခံရတဲ့သူ မရှိဘူးလား၊ အများကြီးရှိတယ် သတိထား။ တရား တု၊ တရားယောင်တွေ နဲ့ အလိမ်ခံနေရတယ်။ အဲဒီ အလိမ်ထဲ ၀င်သွားလို့ ရှိရင်တော့ ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားတဲ့ တရားတွေဟာ အထင်အရှား ရှိနေပါသေးတယ်။ 

မိမိကိုယ်တိုင် ကြိုးစားလို့ ဖြစ်နိုင်ပါရဲ့သားနဲ့ မသိဘဲနဲ့ သူများပြောတာလေးလောက်နဲ့ ကျေနပ်နေရတဲ့ဘ၀ ဆိုတာ ဘယ်ကောင်းမလဲ။ ကိုယ် ကိုယ်တိုင် သိအောင်ကြိုးစားရမယ်။ ဒါကြောင့်မို့ တရားဓမ္မနဲ့ ပတ်သက်ပြီး အလိမ် မခံရအောင် အဘိဓမ္မာ ကို သင်ပါလို့ သမ္မာဒိဋ္ဌိဉာဏ် ရင့်သန်စေဖို့အတွက် အဘိဓမ္မာ ကို သင်ပါလို့ ဒီလိုပြောချင်တာပါ။



Bibliography:

https://www.youtube.com/watch?v=4IrxysU5_zc& nohtml5=False (15 မိနှစ်က စနားထောင်ပါ)
 Nge Naing

No comments:

Post a Comment