Monday, February 6, 2017

လ မစေ့ဘဲ မီးဖွားသော အမျိုးသမီးများ နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားနိုင်ခြေများ



ကိုယ်ဝန် သက်တမ်း ၃၇ ပတ် ထက်စော၍ ကလေးမွေးခြင်းကို လမစေ့ဘဲ မီးဖွားခြင်းဟုခေါ်သည်။ အမေရိကန်နိုင်ငံတွင် ကလေး ၁၀ ဦးလျှင် တစ်ဦး ခန့် လမစေ့ဘဲ မွေးဖွားကြောင်း ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန (CDC) စာရင်းများအရ သိရသည်။

လ မစေ့ဘဲ မွေးဖွားသော ကလေးအများစုသည် မသန်မစွမ်း ဖြစ်နိုင်သည့် အန္တရာယ် (သို့မဟုတ်) သေဆုံးနိုင်သည့် အန္တရာယ်ရှိ သည်။ ကိုယ်ဝန် သက်တမ်း၏ နောက်ဆုံး သီတင်းပတ်များတွင် သန္ဓေသား ၏ ဦးနှောက် ဖွံ့ဖြိုးရန် အရေးကြီးသောအချိန်ဖြစ်ပြီး အဆုတ် နှင့် အသည်း ကဲ့သို့ အရေးကြီးသော အင်္ဂါများ အပြည့်အ၀ ဖွံ့ဖြိုး ရေးအတွက် အရေးကြီးသည့် အချိန်အခိုက် အတန့်ဖြစ်သည်။

လ မစေ့ဘဲ မီးဖွားသော အမျိုးသမီးများလည်း ဘ၀နှောင်းပိုင်း တွင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိ သည်။ သို့သော် လူနေမှု ဘ၀ပုံစံ များကြောင့် ယင်းကဲ့သို့ ရောဂါဖြစ် ပွားနိုင်သည့်အန္တရာယ်များ မြင့် တက်စေ သလားဆိုခြင်းကို မသိရ ပေ။

သို့သော် ယခုလေ့လာမှု အသစ်အရ ကိုယ်ဝန် မဆောင်မီ နှလုံး သွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များနှင့် လူနေ မှုဘ၀ ပုံစံများကို ထည့်သွင်းတွက်ချက်ပြီးနောက်မှာပင် လမစေ့ဘဲ မီးဖွားခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်တက်စေကြောင်း သိရသည်။

ကိုယ်ဝန် သက်တမ်း ၃၂ ပတ်ထက်စော၍ မွေးသော အမျိုး သမီးများသည် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်နှစ်ဆ မြင့်မားကြောင့် သုတေသီ များကပြောသည်။ သုတေသီများက မိခင် ၏ အသက် အရွယ်၊ ကိုယ်ဝန် မဆောင်မီ လူနေမှုဘ၀ပုံစံနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို ထည့်သွင်း တွက်ချက်ပြီး လေ့လာခဲ့ခြင်းဖြစ် သည်။



လစေ့ပြီးမှ မွေးဖွားသော အမျိုးသမီးများထက် လ မစေ့ဘဲ မွေး ဖွားသော အမျိုး သမီး များသည် နှလုံးသွေးကြော ဆိုင်ရာ ရောဂါဖြစ် ပွားနိုင်သည့် အန္တရာယ် ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကာ တစ်ကြိမ်ထက် ပို၍ လ မစေ့ဘဲ မီးဖွားသော အမျိုး သမီးများ အတွက် ယင်းအန္တရာယ်က ပို၍ပင်မြင့်မားကြောင်း သုတေသီများကပြောသည်။

ကိုယ်ဝန်ဆောင်ချိန် အတွင်း သွေးတိုးခြင်းကြောင့်ဖြစ်သော ရှုပ်ထွေးမှုများမရှိခဲ့လျှင်ပင် လမစေ့ဘဲ မီးဖွားသော အမျိုးသမီးများ သည် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိ နေဆဲဖြစ်သည်။
ယင်းအတွက်ကြောင့် အမျိုးသမီးများသည် ကျန်း မာရေးနှင့် ညီသော လူနေမှုဘ၀ပုံစံများ အတိုင်း နေထိုင်ရန် အရေး ကြီးသည်။

—Ref: MNT
လ ၇ိပ် ချို

No comments:

Post a Comment