Saturday, February 4, 2017

ဉာဏ်စဉ် အကြောင်း



ဝိပဿ        နာ အလုပ် စမယ်ဆိုရင် မိမိစိတ်ဟာ  အဓိပတိ ၃-ပါး  အားထားရမယ် ။
တရား ထိုင်တဲ့ အခါမှာ ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပါ၊  ဆိတ်ငြိမ်တဲ့ နေရာဟာ တော ပါပဲ။

ဘုရား ကို ရှိခိုး ကန်တော့၊  မိမိ ခန္ဓာ ကို တရား မထိုင်မီ  ဘုရားကိုလှူထားပါ၊
ပြီးတော့  သမ္မာဒေဝ-နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ အမျှဝေပါ၊

ခန္ဓာကိုယ် ထားပုံ ထားနည်း ကတော့ အချိန်ကြာကြာ  တရား အားထုတ်နိုင်အောင် တည့်တည့် မတ်မတ် ထိုင်ပါ၊ ဝင်သက် ထွက်သက်-အာနာပါန ကို စိတ်တည်ငြိမ်ပြီး  သမာဓိရအောင် လုပ်ပါ၊ 

ဝင်လေလဲ သိ၊ ထွက်လေလဲ သိပြီးနေရင် ကြာတော့ သမာဓိ အားကောင်းလာတဲ့ အချိန်မှာ ဝီရိယ ကို 
အလျှော့ မပေးဘဲ သတိ နဲ့ ပညာ ကို ကပ်ပြီးလိုက်ပါ။

တရား ထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာတယ်၊
တောင့်လာတာ ညောင်းလာတာကို  ဉာဏ်က သိလာတယ် ။

ညောင်းတာရယ် ညောင်းမှန်း သိတာရယ် ဒီ ၂-ခုကို ဖြစ်ပြီး ပျက်သွားတာပဲလို့  သိလိုက်ပါ ။
ဒီလို သိလိုက်တဲ့အ ခါမှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့ စိတ် မရှိတော့ပြီလို နောက်က ဉာဏ်နဲ့ သိလိုက်ပါ ။

ညောင်းတာ တောင့်တာကို ပြုပြင်ပြီး မပေးသမျှ  အညောင်းဓာတ်တွေ  တစ်ခုပြီးတစ်ခု ဖြစ်ပြီး ပျက်နေဦးမှာမို့၊  ဒူးကလေး ခြေကလေး ဆန်ချင်တဲ့စိတ် ပြောင်းရွေ့ချင်တဲ့ပေါ်လာလိမ့်မယ် ။

အဲဒီ ဆန့်ချင် ကွေးချင်ပြောင်းရွေ့ချင်တဲ့ စိတ် ဖြစ်တာကို  ကိုယ့် ဉာဏ်နဲ့ သိလိုက်ပါ၊
ဒီလို သိပြီးတဲ့အခါ  ထိုဆန့်ချင် ကွေးချင်ပြောင်းရွေ့ ချင်တဲ့  ရုပ်နာမ်တွေ မရှိတော့ပြီလို့  ထပ်သိလိုက်ပါ ။
အဲဒီလို သိနေတုန်းမှာ ဖြတ်ဆို အသံ တစ်ခုကြားလိုက်ရင် ကြားတယ် လို့သိပါ ။

အဲဒီလို ခန္ဓာ ၅-ပါးမှာ  တစ်ခုခုပေါ်လာတိုင်း၊ ပေါ်လာတိုင်း သိပြီးဖြစ်ပြီး ပျောက်ပျက်သွားပါကလား လို့ သိရမယ် ။ အဲဒီလို  အသိတရားတွေကို စိပ်သည်ထက် စိပ်ပြီး လာတာတွေကို ဉာဏ်နဲ့ မှတ် ။

တစ်ဖြည်းဖြည်း  ရုပ်နာမ် တရားတွေ  တစ်ခုပြီး တစ်ခုဖြစ်ပျက် သွားတာတွေကို သတိ နဲ့ စိုက်ကြည့် 
ကတွေ့လိမ့်မယ် ။

အနိစ္စ ဒုက္ခ အနတ္တလို့  ပါဠိလို ရွတ်မနေနဲ့တော့၊ ဖြစ်ပြီး ပျက်သွားပါကလားလို့  တစ်ခုတည်းကိုသာ သတိ နဲ့ စိုက်ပြီးကြည့်  သိနေရင် ဆင်းရဲတဲ့ သဘော၊  အစိုးမရတဲ့ သဘောကို  ပို၍ထင်ထင် သိမြင် လာ လိမ့်မယ်။



ဒီလို မိမိတို့ ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန် များလာရင်  မိမိ ရဲ့ ခန္ဓာကိုယ်ကို
ရွံ့မုန်း လာတော့တာပဲ။ 
အဲဒီအခါမှာ မိမိ ရဲ့ ခန္ဓာကိုယ်ကို  စွန့်လွတ်ချင်တဲ့ စိတ်ဖြစ်လာမယ် ။

ခန္ဓာကိုယ် ရှိရင်  ဒီလို ဖြစ်ပျက် ဒုက္ခနဲ့ မကင်းနိုင်ပဲ၊  အို၊ နာ၊ သေ၊ ဆိုတဲ့  ဒုက္ခ သစ္စာနဲ့တွေကြရဦးမှာပဲ လို့ ကြောက်ရွံ့ပြီး မိမိ ခန္ဓာကိုယ်ကိုပဲ  ရွံ့မုန်းလာမယ်။

ဖြစ်ပျက် ကို ရှုဖန် များလာရင်လောဘ-ဒေါသ-မောဟ ၃-ပါး စလုံး တဖြည်းဖြည်း ခေါင်းပါးပြီး၊ နောက်ဆုံးဖြစ်ပျက် ဆုံးအောင် ပွားများ အားထုတ်ဖန်များလာရင် ယခု ဘဝမှာပင် မဂ်ဖိုလ် ကို ရနိုင်တယ်။

ဒါကြောင့် ကြိုးစားပြီး  မိမိတို့ ခန္ဓာကိုယ် ကို ဖြစ်ပျက်ရှုကြပေတော့၊ ဖြစ်ပြီး ပျက်တဲ့ သဘောမှ တစ်ပါး
ဘာမှ မရှိဘူးဆိုတာ တွေ့ရလိမ့်မယ်။

ဉာဏ်စဉ် ဆိုတာ....ရှုဖန် များလာရင်...........
(၁) ဤကား ရုပ်၊ ဤကား နာမ်လို့ ပိုင်းခြား သိလာတော့ "နာမ ရူပ ပရိစ္ဆေဒဉာဏ်" ရလာတယ်။

(၂) နောက် နာမ်ရုပ် တို့၏ ဖြစ်ပေါ်ရခြင်း အကြောင်း တရားတို့ကို ဆင်ခြင်ပြီး ဒီ နာမ်ရုပ် ဟာ  အဝိဇ္ဇာ ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဆိုတဲ့  အကြောင်း ၄-ပါးကြောင့် ဖြစ်လာတဲ့  အကျိုးတရား ပါကလား ။

အကြောင်းလည်း ဖြစ်ပျက်၊  အကျိုးလည်းဖြစ်ပျက် ပဲလို့ ရှေး အတိတ်ဘဝက  အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊
ကံ အကြောင်း တရားတို့ကို  ရှာမှီး သိမ်းဆည်း နိုင်တဲ့ " ပစ္စယပရိဂ္ဂဟဉာဏ် " ရလာတယ်။

(၃) နောက် ရုပ်နာမ် တို့၏ ဖြစ်ပြီး ပျက်လတ္တံ၊ ဖြစ်ဆဲ တို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတဲ့ ၃-ပါးကို
ပိုင်ခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော  လက္ခဏာရေး ၃-ပါးဖြင့်  ဆင်ခြင် သုံးသပ်ခြင်းတည်း ဟူသော
" သမ္မသနဉာဏ် " အဆင့်သို့ ရောက်လာမယ်။

(၄) နောက် ယခုဖြစ်ဆဲ  ပစ္စုပ္ပန် ရုပ်နာမ် တို့၏  ခဏမစဲ တစ်သဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်း ဆိုတဲ့ 
" ဥဒယဗ္ဗယဉာဏ် " ပေါ်လာမယ်။

(၅) နောက် ရှုဖန် များလာရင်  အပျက် ကိုသာ သိမြင်လာတဲ့" ဘင်္ဂဉာဏ် " ပေါ်လာမယ်။

(၆) ဒီလို ရှုဖန် များလာရင်  ရုပ်နာမ် တို့၏  ပျက်မှု ချုပ်မှု ကိုသာ မြင်လာ သဖြင့် ကြောက်ဖွယ်ရာဘေးကြီးလို့ ထင်လာတဲ့ " ဘယဉာဏ် " ပေါ်လာမယ်။

(၇) နောက် ရုပ်နာမ် တို့၏  ချုပ်ပျက် မှု စသော  အပြစ်တွေကို ထင်မြင်လာတဲ့ " အာဒီနဝဉာဏ် " ရလာမယ်။

(၈) နောက် မိမိ ခန္ဓာကိုယ်တည်း ဟူသော ရုပ်နာမ် တို့ကို ငြီးငွေ့ စိတ်ပျက် မနှစ်သက်တဲ့ " နိဗ္ဗိန္ဒဉာဏ် " ဖြစ်လာမယ်။

(၉) နောက် မိမိ ခန္ဓာကိုယ်တည်း ဟူသော ရုပ်နာမ် ဓမ္မ သင်္ခါရ တို့မှ  လွတ်ချင်လိုတဲ့ "မုဥ္စိတုကမျတာဉာဏ် " ရောက်လာမယ်။

(၁၀) ထိုမှ တစ်ဆင့် ရုပ်နာမ်တွေရဲ့ မမြဲမှု၊ ဆင်းရဲ့မှု၊  အစိုးမရမှုတွေကို  အပြင်း အထန် အားထုတ် မှုကြောင့်  အလွန် ထင်မြင်လာတဲ့" ပဋိသင်္ခါရဉာဏ် " ရောက်လာမယ်။

(၁၁) နောက် ရုပ်နာမ် ဓမ္မ သင်္ခါရ တို့ကို  မချစ်မမုန်းဘဲ လျစ်လျူ  ရှုတတ်တဲ့" သင်္ခါရုပက္ခာဉာဏ် " ပေါ်လာ တယ်။

(၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ် ကို လက္ခဏာရေး သုံးပါးဖြင့်  အနုလုံ ပဋိလုံ ရှုပွားတဲ့ အခါမှာ  ၂-ဉာဏ် လုံးနဲ့ သင့်လျော်တဲ့ " အနုလောမဉာဏ် " ဖြစ်ပေါ်လာမယ်။

(၁၃) နောက် ပုထုဇဉ်တို့၏  အနွယ် ကိုဖြတ်၍  အရိယာ တို့၏ အနွယ် ကိုဖြစ်စေတဲ့" ဂေါတြဘူဉာဏ် " ပေါ်လာမယ်။

(၁၄) နောက် (သဥပါဒိသေသ) နိဗ္ဗာန်ကိုမြင်တဲ့ " မဂ်ဉာဏ် " နှင့်။

(၁၅) မရှေး မနောင်းပင်  ထို နိဗ္ဗာန် ၏ အကျိုးကို  ခံစားတဲ့" ဖိုလ်ဉာဏ် " ပေါ်လာမယ်။

(၁၆) နောက် မဂ်ကို ဆင်ခြင်ခြင်း၊ ဖိုလ် ကို ဆင်ခြင်ခြင်း၊  နိဗ္ဗာန် ဆင်ခြင်ခြင်း၊  ပယ်ပြီးသော ကိလေသာကို ဆင်ခြင်ခြင်း၊  မပယ်ရသေးသော ကိလေသာ ကို ဆင်ခြင်ခြင်း ဆိုတဲ့ ဉာဏ် ၅-ပါး ကို ဆင်ခြင်တဲ့
" ပစ္စဝေက္ခဏာဉာဏ် " ရောက်လာလိမ့်မယ်။

ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော  ဘုရား သာသနာတော် နဲ့ ကြုံခိုက်၊  ဆရာသမား ကောင်း နဲ့ လည်းတွေ့ ခိုက်၊  ရခဲလှတဲ့ လူ့ဘဝကို  ရခိုက်မှာ  ယခုအချိန်က စပြီး  အရိုးကြီးပွားရေးကို မလုပ်ကြဘဲ  အရိုး က ဓာတ်တော်ဖြစ်အောင် ကြိုးစားကြပါ ။

အရိုး အသွး အသား ဓာတ်တော်ဖြစ်တယ် ဆိုတာ အမေမွေးကတည်းက ဖြစ်လာတာ မဟုတ်ဘူး၊
တရား ကို အားထုတ်လို့  တရားက ပြုပြင်သောကြောင့်  တရားသဘောအရ  ဓာတ်တော်ဖြစ်လာရတယ် လို့  မှတ်ပါ။

ဒါကြောင့် တရား အလုပ်ကို ကြိုးကြိုး ကုတ်ကုတ်  အားထုတ်ဖို့  သတိပေးလိုက်ပါတယ်။

(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး)

ဤကောင်းမှုကုသိုလ်ကံ စေတနာ အပေါင်းတို့သည်  အားထုတ်ဆဲဖြစ်သော  ဝိပဿ       နာ ဉာဏ် မှ
မဂ်ဉာဏ် သို့ကျေးဇူးပြုခြင်းငှာ  အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့် တည်ရှိပါစေသတည်း ။

Credit by _(အရှင်ဉာဏဓဇ )
ကို Thant Gyi.
ဓမ္မရေချမ်းစင်


No comments:

Post a Comment