Thursday, April 13, 2017

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ



တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ် ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစ်စီး ဆိုက် လာပြီး ကိုကိုအောင် တစ်ယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ် ရဲ့ အရှေ့မှာ ရှိနေတဲ့ အငှား ကားတွေ ကြားက ကိုအကြီးကောင် ကို ရှာရင်းနဲ့ကောင်မလေး တစ်ယာက် ခေါ်ချင် တဲ့ အကြောင်း ကိုအကြီးကောင် ကို ပြောလိုက်တယ်။

 နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေး တစ်ယောက် အပြင် ထွက်လာတယ်။ “အစ်ကိုသူပဲ။ အားလုံး အဆင်ပြေတဲ့ ကောင်မလေးပါ။ မနက်မိုးလင်တဲ့ အထိ နေပေးလိမ့်မယ်။ ကြေးကတော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့ ကိုအကြီးကောင်က ကိုကိုအောင် ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေးလိုက်နော်။ သူက ဖောက်သည် အသစ်၊ ဒီကို တစ်ခါမှ လာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။ 

အဲဒီလိုနဲ့ ခြူးခြူး က ကိုကိုအောင် ကို တစ်ည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့ အကြောင်း၊ ဟို တယ် ဒါမှ မဟုတ် တည်းခိုခန်း ကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ် ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ 

အဲဒီနောက် ကိုအကြီးကောင် ရဲ့ အငှားယာဉ် နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ် တစ်ခုကို သွားခဲ့ကြတယ်။ ခြူးခြူး ဆိုတာက မြောက်ဥက္ကလာပ မြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ၀င်းနားက ရပ်ကွက်ထဲ မှာ နေတဲ့သူပါ။ သူ့မှာ အိမ် ထောင် ရှိပေမယ့် သူ အခုလို လိင် အလုပ်သမ ဘ၀ ရောက်နေတာကို သူ့ခင်ပွန်း က လုံးဝ မသိတဲ့ အကြောင်း၊ သူက ဒီ လုပ်ငန်းက ၀င်တဲ့ ၀င်ငွေကို ဧရာဝတီတိုင်း မှာ နေတဲ့ သူ့ မိဘတွေဆီ ပိုက် ဆံ ထောက်ပံ့ပေးတဲ့ အကြောင်း ပြောပြတယ်။ 

သူ ရန်ကုန်ကို စရောက်တော့ လှိုင်သာယာက အထည်ချုပ် စက်ရုံတစ်ရုံမှာ အလုပ် စလုပ်ခဲ့တာ ၈ လ ကျော် လာတော့ အဲဒီ စက်ရုံက သူငယ်ချင်းတွေရဲ့ အဆက်သွယ်နဲ့ပဲ အနှိပ်ခန်းတစ်ခုမှ အလုပ် လုပ်ခဲ့တယ်။ အနှိပ်ခန်းလို့သာ ဆိုတယ်၊ တစ်ကယ့် တစ်ကယ်မှာတော့ လိင်ဖျော်ဖြေ ပေးရတာပါပဲတဲ့။ 

“အနှိပ်ခန်း မှာလည်း ၄ လလောက် ကြာတော့ အထည်ချုပ်မှာ လုပ်တုန်း ကြိုက်ခဲ့တဲ့ သူက ကျမ လုပ်တာ ကို သိသွားပြီး ဆက်မလုပ်ဖို့နဲ့ သူနဲ့ ယူဖို့ ဖြစ်လာရာ ကနေ အိမ်ထောင်ကျ ဖြစ်တယ်။ သူက အခုထိ လှိုင်သာယာမှာ အလုပ် လုပ်နေတုန်းပဲ။ 

သူ ညဘက် အလုပ်ဆင်းရတဲ့ အချိန် ကျမှ ကျမ က ဒီကလပ် ကို လာတာ။ သူ မသိအောင်ပေါ့။ သူ့ အလုပ်နဲ့က ကျမတို့ ရွာက မိသားစုကို ဘယ်လိုလုပ် ပြန်ထောက် ပံ့ပေးနိုင်မှာလဲ” လို့ ခြူးခြူး က ဆိုတယ်။ ဒီလို ကလပ်တွေမှာ လုပ်ရတာက အဖမ်းအဆီး အတွက် လုံခြုံရေး ကောင်းတယ်၊ စီမံချက် ရှိတယ် ဆိုရင် ကလပ် က လုံးဝ ကို မဖွင့်တာ၊ သူ့ အချိတ်အဆက်နဲ့ ကြိုတင် သတင်းပေးထားတော့ ဒီကို လာကြရတဲ့ လိင် အလုပ် သမတွေ အတွက်က လမ်းဘေး လိင်အလုပ်သမ တွေထက် ပိုလုံခြုံတယ် လို့ သူက ဆက်ပြောတယ်။ 
မြန်မာနိုင်ငံမှာ လိင် လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင် လုပ်ပိုင်ခွင့် မရှိတာကြောင့် တရားမ၀င် အနှိပ်ခန်းတွေ ၊ အလှပြင် ဆိုင်တွေနဲ့ ကလပ်တွေ၊ လူစည်ကားရာ နေရာတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတာ ကို တွေ့ရပါတယ်။ ဒါ့ အပြင် ပျော်ပါးချင်တဲ့ သူတစ်ချို့က ဖုန်းနဲ့ခေါ်လိုက်ရင် ရတဲ့ နည်းလမ်းတွေလည်း ရှိပါ တယ်။ 

“ကျနော်တို့က အခု အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ ကောင်မလေး တစ်ချို့နဲ့ ချိတ်ထားတာ။ ကျနော့်ဖုန်းကို ဆက်လိုက်ရင် ဈေးစကားပြောပြီး ဘယ်အရွယ်တွေ ရှိတယ်ဆိုတာ ပြောပြတယ်။ တစ်ကယ်လို့ ခေါ်ချင် တယ် ဆိုရင် ကျနော့် တက္ကစီ နဲ့ ဘယ် ဟိုတယ် ဆိုတာနဲ့ ပြောလိုက်ရင် လာပို့ပေးတယ်။ 

ပို့ပေးတာကို မကြိုက်သေး ဘူးဆိုရင် ကားခတော့ ပြန်ပေးခိုင်းတယ်။ နောက်တယောက် ထပ်ခေါ်သွား တယ်။ ကျနော် က ခေါင်းတွေ လိုတော့ ကောင်မလေးတွေပေါ်က ပြန်ဖြတ်ယူတာမျိုး မလုပ်ပါဘူး။ သူတို့လေးတွေက ကျနော့်ကို အဆင်ပြေရင် ပြေသလိုတော့ ပေးတာတွေရှိတယ်” လို့ တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်တဲ့ အငှား ယာဉ်မောင်း ကိုကိုမြ က ဧရာဝတီကို ပြောပါတယ်။ 

ဒါပေမယ့် လိင် အလုပ်သမ အတော် များများကတော့ ရဲတွေနဲ့ မပက်သက်ဘဲ နေလို့ မရတဲ့ အကြောင်း၊ သူတို့ လုပ်ကိုင်နေတဲ့ တာမွေ လမ်းဆုံ နေရာမှာ လိုအပ်ရင် အလှည့်ကျ အဖမ်း ခံရတာမျိုး အထိ ရှိကြောင်း တာမွေ လမ်းဆုံမှာ လိင် အလုပ်သမ အဖြစ် လုပ်ကိုင်နေသူ မဆင့်ဆင့် က ဆိုပါတယ်။ 



သူတို့ လုပ်ကိုင်နေတဲ့ နယ်မြေမှာ ရဲတွေကို အပတ်စဉ် လိုင်းကြေးပေးနေရတဲ့ အပြင် တစ်ခါ တစ်ခါ တာမွေလမ်း ဆုံမှာ လှည့်ကင်း လာစောင့်တဲ့ ရဲတွေ အတွက် လက်ဖက်ရည် ဖိုးလည်း ရှင်းပေးရတတ်ကြောင်း၊ အဲဒီလို လုပ်မှလည်း အဲဒီနေရာမှာ အေးအေးဆေးဆေး လုပ်စားလို့ရတဲ့ အကြောင်း သိရပါတယ်။ 

“တစ်ခါက ကျမကို ဖောက်သည် တစ်ယောက်က တာမွေပလာဇာ က တည်းခိုခန်းကို ခေါ်သွားပြီး အခန်း ထဲရောက်မှ သဘာဝ မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး လုပ်ခိုင်းတယ်။ ကျမ က မလုပ်နိုင်ဘူးလို့ ဆိုတော့ ရဲ တိုင် မယ်လေး၊ ဘာလေးနဲ့ လုပ်ပြီး တာမွေ လမ်းဆုံက ရဲတွေကို မင်းတို့ ဒီဟာမတွေ ကို မဖမ်းဘူးလား၊ ဘာလား သွားလုပ်တယ်။ 

ကျမတို့က ရယ်တောင် ရယ်ချင် သေးတယ်။ ကျမတို့နေရာက လိင် အလုပ် သမတွေက ရဲတွေဆီမှာ ပြည့်တန်ဆာ အမှုအတွက် အလှည့်ကျ အဖမ်းခံ ပေးနေရတာ ဆိုတော့ ဘာမှ မဖြစ်ဘူး” လို့ မဆင့်ဆင့် က ဆိုတယ်။ 

အခုလို လိင် အလုပ်သမတွေ အပေါ် အကာအကွယ် ပေးမယ့် ဥပဒေတွေ မရှိတာကြောင့် သူတို့အနေနဲ့ ရဲတွေ နဲ့ မပတ်သက်လို့ မရတဲ့ အခြေအနေ ဖြစ်နေရတာ၊ ရဲတစ်ဦး အတွက် တစ်လ ကို အမှုဘယ်လောက် ရအောင် ရှာရမယ်ဆိုတဲ့ စီမံချက်တွေ ကြောင့်လည်း အခုလို အလွယ်တစ်ကူ ဖမ်းဆီးလို့ ရတဲ့ လိင်အလုပ် သမတွေ အပေါ်မှာ အသုံးချနေတာ ဖြစ်တယ်လို့ လိင်အလုပ်သမ တွေကို ကူ ညီစောင့်ရှောက်မှုပြုလုပ်နေ တဲ့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယု က ဧရာဝတီကို ပြောပါတယ်။ 

ဒါ့အပြင် နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလ လို အချိန်မျိုးတွေမှာ လိင် အလုပ်သမတွေကို စီမံချက် နဲ့ အများ  အပြား ဖမ်းဆီးတတ် လေ့ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်း ကလည်း လိင် အလုပ်သမတွေ အပေါ် ဥပဒေကို အကြောင်းပြပြီး အနိုင်ကျင့်မှုတွေ ပြုလုပ်တတ်လေ့ ရှိကြောင်း သူက ဆက်ပြောပြတယ်။

 “တစ်ချို့က ဖောက်သည်တွေလို ခေါ်သွားပြီးမှ နင် ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေး၊ ပိုက်ဆံ တစ်ပြား မှပေးမှာ မဟုတ်ဘူး၊ တစ်ခါတည်း အချုပ်ထဲ ဖမ်းထည့်လိုက်မှာ” ဆိုတဲ့ အနိုင်ကျင့် စော်ကား မှုတွေ လည်း ရှိတယ်။ နယ်ဘက်မှာဆို ပိုဆိုးတယ်။ လိင် ပျော်ပါးဖို့ ခေါ်သွားတာက တစ်ဦးတည်း၊ နေရာရောက်မှ လူ ၄၊ ၅ ဦး က ၀ိုင်း အနိုင်ကျင့်တာ။ 

လိင် အလုပ်သမ တွေမှ အဲဒီလို မျိုးဆို ဘယ်ကို သွားတိုင်ရမလဲ။ တိုင်တဲ့ အခါတောင် ကိုယ်က ပြန် အဖမ်းခံရမှာ။ သူတို့ဘက်က ရပ်တည်ပေးဖို့ ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။ ကျောက်မြောင်း မှာ နေထိုင်တဲ့ အသက် ၂၃ နှစ် အရွယ် လိင် အလုပ်သမ မချိုချို ကတော့ လိင်လုပ်ငန်း အပေါ် နှစ်ခြိုက်စွာ လုပ်ကိုင်နေခြင်း မဟုတ်သော်လည်း လက်ရှိ ဘ၀ ရပ်တည်ရေးနှင့် မိသားစု အရေး များကြောင့် စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း၊ တည်ဆဲ ဥပဒေများကြောင့် ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း မိမိ အဆက် အသွယ်နှင့် လုပ်ကိုင်နေခြင်းကြောင့် အဆင်ပြေကြောင်း ဧရာဝတီကို ပြောပါတယ်။ 

အရင်က စားသောက်ဆိုင် ကြီးကြီး တစ်ခုမှာ ၀င်ရောက် လုပ်ကိုင်ခဲ့တာကြောင့် ပိုက်ဆံရှိ လူတန်းစားတွေနဲ့ ရင်းနှီး ကျွမ်းဝင်ရှိခဲ့ တဲ့အတွက် အခုလို ဖုန်းနဲ့ ခေါ်လိုက်တာနဲ့ လိုက်နိုင်တဲ့ အဆင့်အထိ လုပ်ကိုင်နိုင် တာ  ဖြစ်ကြောင်း၊ သူကိုယ်တိုင် တစ်လကို ၀င်ငွေ ၁၀ သိန်း နီးပါးလောက် ရရှိကြောင်း သူက ဆိုတယ်။ 

ဒါပေမယ့် ပိုက်ဆံ နည်းနည်းပဲ ရတဲ့ အပြင် ကျန်းမားရေး ရှုထောင့်က ကာကွယ်မှုလည်း အားနည်းနေတဲ့ လိင် လုပ်သမ တွေလည်း အများကြီး ရှိနေပါသေးတယ်။ အသက် ၄၀ ကျော် အရွယ်ရောက်မှ လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ၀င်လာခဲ့ကြတဲ့သူတွေ အများစု က ငွေကြေး ရတာလည်း နည်းသလို အများအားဖြင့် သောက်စား မူးယစ်ထားတဲ့ သူတွေနဲ့ ဆက်ဆံမှု ပိုများ ရတဲ့ အကြောင်း တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ ဒေါ်အေးက ပြောပြတယ်။ 

“မူးလာတဲ့သူ တစ်ချို့ဆိုရင် ကွန်ဒုံး မသုံးဘူး။ ကိုယ်က ကြောက်ပေမယ့် အဆင်ပြေအောင် နေလိုက်တာ ပဲ။ ရောဂါဖြစ်ချင်လည်း ဖြစ်တော့၊ မတတ်နိုင်ဘူး။ တစ်ချို့ဆို ပုံမှန် မဟုတ်တဲ့ လိင် ဆက်ဆံမှုမျိုး ကိုတောင် လုပ်ကြတယ်။ ဘယ်တတ်နိုင်မလဲ။ ကိုယ့် အသက်အရွယ်နဲ့ က ပိုက်ဆံ ပေးနိုင်တဲ့ သူတွေ ဘယ်လိုလုပ် ခေါ် မလဲ” လို့ သူက ဆိုတယ်။

 မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက် ကလို အိမ်တွေမှာ လုပ်ကိုင် ကြတာမျိုး မရှိတော့ပေမယ့်၊ အနှိပ်ခန်းလို့ အမည် တွင်ပြီး ဖျော်ဖြေရေး လုပ်ငန်း လုပ် ကိုင်နေမှုက များပြား လာခဲ့ပါတယ်။ 

တစ်ချို့ အနှိပ်ခန်းတွေက အနှိပ် သီးသန့်သာ လုပ်ကြပေမယ့် တစ်ချို့ကတော့ လိင်ဖျော်ဖြေရေး သက်သက် သာ လုပ်ကိုင်နေကြ တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်တဲ့ အနှိပ်ခန်းတွေက  မကြာ ခဏ နေရာပြောင်းပြီး လုပ်ငန်း ကို အဖမ်း မခံရအောင် ရှောင်တိမ်း လာတာ တွေ့ရတယ်လို့  လိင်ဖျော်ဖြေရေး လုပ်နေတဲ့ အနှိပ်ခန်းကို သွားဖူးတဲ့ ကိုနောင် က ဧရာဝတီကို ပြောပြတယ်။ 

“အခန်းထဲရောက်တာနဲ့ ကောင်မလေးက နေမှာလား၊ နှိပ်တော့ မနှိပ်တတ်ဘူးနော်လို့ ပြောတယ်။ တစ်ခါနေ ရင် ကျပ် ၈ ထောင် နဲ့ ၁ သောင်းလောက် တောင်းတတ်တယ်။ တစ်နာရီ ဆက်ရှင်ကြေးနဲ့ဆို တစ်ခါသွားရင် ကျပ် ၁ သောင်းခွဲလောက် ကုန်တယ်။ အဲဒါတောင် တစ်ခေါက်ပဲ လိင် ဆက်ဆံလို့ရမှာ။ 

ဒါပေမယ့် အဲဒီ က ကောင်မလေးတွေက ကွန်ဒုံး မပါဘဲနဲ့ လုံးဝ မနေဘူး” လို့ သူက ဆိုတယ်။ အနှိပ်ခန်းမှာ အလုပ် လုပ်နေကြသူ တစ်ချို့နဲ့ တွေ့ဆုံမေးမြန်း ကြည့်တဲ့ အခါမှာ စက်မှုဇုန် စက်ရုံ အလုပ် ရုံတွေမှာ လစာ မလောက်ငှတဲ့ အတွက် အခုလို အနှိပ်ခန်းကို ပြောင်းရွှေ့ လုပ်ကိုင်ကြရင်း နောက်ဆုံး လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ရောက်ရှိလာတာ ဖြစ်ကြောင်း၊ သူတို့ အခုလို လုပ်ကိုင်နေကြတာကို နယ်ဘက် ဒေသတွေ က မိသားစုတွေက မသိကြကြောင်း ပြောဆို ကြပါတယ်။ 

ဧရာဝတီ က မေးမြန်းခဲ့သမျှ အနှိပ်ခန်း လုပ်ကိုင် နေကြသူတွေဟာ လိင်ဖျော်ဖြေရေး လုပ်ငန်းက ရရှိ တဲ့ငွေကြေးတွေကို မိသားစုဆီ ပြန်ထောက်ပံ့ ပေးရတာကြောင့် ဒီလုပ်ငန်းကို မစွန့်ခွာနိုင်ကြသူတွေ ရှိသလို၊ အနည်းစု ကတော့ အခုလို ပေါပေါ များများ သုံးစွဲ နိုင်တာကြောင့် ဒီလုပ်ငန်းက စွန့်ခွာ လိုခြင်း မရှိတာလို့ သိရပါတယ်။ 

ဒါပေမယ့် သူတို့တော်တော် များများက ပုံမှန် ကျန်းမားရေး စစ်ဆေးမှုတွေ လုပ်လေ့ မရှိကြသလို၊ အနှိပ်ခန်း တစ်ခုမှာလည်း အချိန်ကြာကြာ လုပ်လေ့ မရှိဘူးလို့ တာမွေမြို့နယ် အတွင်းက အနှိပ်ခန်း တစ်ခုမှာ  လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ မဆူဆန် က ပြောပြပါတယ်။

 မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး တရားဝင် လိုင်စင်နဲ့ ခွင့်ပြုသင့် မပြုသင့် ကိစ္စနဲ့  ပတ် သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့်တောင် မရခဲ့ပါဘူး။ အဲဒီလို တရား ၀င် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ လိင် အလုပ် သမတွေဟာ ဥပဒေ ရဲ့ အကာအကွယ်ကို မရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံတွေ့နေရသလို၊ ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ အမှုအခင်း များစွာလည်း ဖြစ်ပေါ်နေခဲ့ ရပါ တယ်။

 မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၁၅ နှစ် ကနေ ၄၉ နှစ် အကြား အမျိုးသမီးတွေထဲက ၀. ၄၅ ရာခိုင်နှုန်းဟာ အခကြေးငွေကို တိုက်ရိုက် ယူပြီး လုပ်ကိုင်နေကြတဲ့ လိင် အလုပ်သမတွေအဖြစ် ရှိနေပြီး ခန့်မှန်းခြေ ၄ သောင်း ကနေ ၈ သောင်း အကြား အရေ အတွက် ရှိတယ်လို့ ကုလသမဂ္ဂ နဲ့ မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ကောက်ခံ ထားတဲ့ ခန့်မှန်းခြေ စာရင်းတွေက ဆိုပါတယ်။ 

အဲဒီလို ငွေကြေး တိုက်ရိုက် ယူတဲ့ လိင် အလုပ်သမတွေထဲမှာ ကေတီဗီ၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်၊ တယ်လီဖုန်း အဆက်အသွယ် နဲ့ လုပ်ကိုင်နေကြသူတွေ ပါဝင်နိုင်ဖွယ် မရှိသေးဘူးလို့လည်း သိရပါတယ်။ အနှိပ်ခန်းလို နေရာတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေဟာ သူတို့ ကိုယ်တိုင် စိတ်အားငယ်မှုတွေ ရှိနေတတ် တာ၊ ဆိုင်ပိုင်ရှင် တွေရဲ့ စီမံမှုတွေကြောင့် မိမိ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်လို့ မရတဲ့ အနေအ ထားတွေ ရှိနေတာ တွေ့ရတယ်လို့ တော်ဝင် ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။ 

တစ်ချို့ အနှိပ်ခန်းက လိင် အလုပ်သမ တွေဟာ အနှိပ်ခန်းတစ်ခု ကနေ နောက်တစ်ခုကို ပြောင်းလုပ်မှ ကျန်း မာရေး စစ်ဆေးမှုတွေ ပြုလုပ်ရတာ မျိုးကြောင့် အဲဒီလိုနေရာမျိုးတွေကို ကူညီပေးဖို့၊ ပညာပေးဖို့တွေ များစွာ လိုအပ်တယ်လို့ သူက ဆက်ပြောတယ်။ 

“ဆိုင်မန်နေဂျာတွေ၊ ပိုင်ရှင်တွေက စည်းကမ်းချက်တွေ အမျိုးမျိုး ထုတ်ပြီး ဒီဆိုင်က အနှိပ် သီးသန့်ပဲ လုပ် သ လိုလို စီမံထား တယ်။ ဒါပေမယ့် ဒီကိုလာတဲ့ သူတိုင်းက လိင်ပျော်ပါးဖို့ ဆိုတာ သူတို့သိနေကြတာပဲ။ အလုပ်သမတွေပဲ ခံရတာ။ အပြင်တွေ မှာထက် ပိုလုံခြုံလို့ ဒီမှာ စီးပွား လာရှာတာ ဆိုတော့ ဒီလိုနေ ရာတွေကို မစွန့်ခွာနိုင်ကြဘူး” လို့ သူက ဆိုပါတယ်။ 

လိင်အလုပ်သမ တွေဟာ များသော အားဖြင့် မိသားစုတွေကို ဦးဆောင် ဦးရွက် ပြုနေရတဲ့ သူတွေ အများ စုဖြစ်တာကို တွေ့ရ သလို တာဝန်ယူချင်တဲ့ စိတ်ဓာတ်၊ အနစ်နာ ခံချင်တဲ့ စိတ်ဓာတ်တွေ အများစု ရှိကြ  တယ် လို့ သူက ဆက်ပြောတယ်။ 

ကိုယ့် ပတ်ဝန်းကျင်မှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတာကို သိသွားမယ် ဆိုရင် အဲဒီ လူအပေါ် ပတ်ဝန်းကျင် က နှိမ့်ချ ဆက်ဆံကြမှာကို စိုးရိမ်နေကြရတဲ့ အတွက် လိင် အလုပ်သမတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်ထဲမှာပါ စိတ်ဝေဒနာ ဖြစ်နေတာ မျိုးတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။ 

“တစ်ကယ်တော့ လိင် အလုပ်သမတွေ တော်တော် များများက မိသားစုတွေကို တာဝန်ယူချင်တဲ့ စိတ် နဲ့ ကိုယ့် ဘ၀ကိုယ် နစ်မွန်း ရင် နစ်မွန်းပါစေ ဆိုပြီး သူတို့က စွန့်လိုက်ကြတာ များပါတယ်။ သူတစ်ယောက် တည်း ပဲ အနာခံလိုက်မယ်၊ သူ့ မိသားစုတွေ ကောင်းကောင်း မွန်မွန် နေနိုင်ရင်ပြီးရော ဆိုပြီးတော့ ဒီဘ၀ထဲ မှာပဲ လည်နေတော့တာပဲ” လို့ ဒေါ်နှင်းနှင်းယု က ပြောပါတယ်။ 

www.mmdailystar.com



No comments:

Post a Comment