Friday, June 9, 2017

Y-8 လေယာဉ် ပေါ်ပါသွားသူ အချို့ရဲ့ ဘဝတွေကို ဆရာဝန်ကြီး တစ်ဦးမှ ကြေကွဲမှု အပြည့်နဲ့ ဖွင့်ဟပြောကြား



ဇွန်လ (၇)ရက်နေ့က ပျက်ကျသွားခဲ့သော တပ်မတော် ပို့ဆောင်ရေး လေယာဉ် Y-8 ပေါ်တွင် လိုက်ပါသွားခဲ့သော သူများထဲတွင် ကျန်းမာရေး ကိစ္စများနှင့် ပက်သက်ပြီး ရန်ကုန်မြို့ သို့ လိုက်ပါခဲ့ကြသည့် စစ်သည်တော် မိသားစုဝင် များလည်း ပါဝင်ခဲ့ကြသည်။
လေယာဉ် မတော်တဆ ပျက်ကျခဲ့ရမှုတွင် ပါဝင်ခဲ့သော လူနာ များအား အနီးကပ် စောင့်ရှောက် ကုသပေးခဲ့ရသူ သားဖွားမီးယပ် ပါရဂူ ဆရာဝန်ကြီး တစ်ဦးမှ သူ၏ လူနာ များ အဖြစ်ဆိုးနှင့် ကြုံဆုံခဲ့ရမှုကို ကြေကွဲဝမ်းနည်းကာ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လူနာ များ၏ လေယာဉ်ဖြင့် ခရီးသွားရန် ဖန်လာခဲ့သည့် အကြောင်းကို ဝမ်းနည်းကြေကွဲစွာဖြင့် ရေးသားဖော်ပြခဲ့သည်။
ကျနော့ရဲ့ လူနာ ကိုယ်ဝန်ဆောင် တစ်ယောက် AN care မှာ USG ရိုက်လိုက်တော့ Cystic mass arising from the fetal head and neck လို့တွေ့တယ် ။ ဒီဆေးရုံမှာ  ကျနော် သူ့အတွက် ပိုကောင်းလာအောင် ဘာများလုပ်ပေးနိုင်မလဲလို့ စဉ်းစားကြည့်တော့ ဘာမှမလုပ်ပေးနိုင်ဘူး။
ဒါနဲ့ လူနာကို အကျိုးအကြောင်း ရှင်းပြတယ် ။ ရန်ကုန်မှာတော့ ဆရာတို့ဆေးရုံထက် ပိုကောင်းတဲ့ကုသမှု ရနိုင်တယ်၊ သမီး ကို ရန်ကုန်လွှဲပေးမယ်ပြောတော့ သူ မသွားချင်ရှာဘူး ။ ယောက်ျားကလည်းရှေ့တန်းမှာ သူတစ်ယောက်ထဲ ဖြစ်ပါ့မလားတဲ့။

လောလောဆယ်တော့ ဘာရောဂါလဲ ဆိုတာပဲ အရင်ရှာဖွေရမှာ မွေးတာ မဟုတ်သေးတဲ့ အတွက် လူနာစောင့်မပါလည်း ကိစ္စမရှိဘူး၊ နောက်မှယောက်ျားကို ခွင့်ယူပြီးလိုက်ဖို့ခေါ်လိုက်လို့ ပြောတော့ သူ့ဘာသာသွားဖို့ စာရိတ်စားကလည်း မတတ်နိုင်တော့ စစ်လေယာဉ် နဲ့ပဲ တင်ပေးလိုက်ရတယ်။
ကျနော် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ တစ်ကယ်ကို ခံစားရပါတယ်။ ငါဘာလို့ သူ့ကို လွှဲမိတာလဲလို့ နောင်တ ရ ရပါတယ်။ သူမသွားချင်ရှာဘူး၊ သူ့ကလေးအတွက် ပိုကောင်းလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုကြောင့်သာ သူအရဲစွန့်ပြီး လိုက်သွားရရှာတာပါ။

နောက်ထပ် ကလေးယူရင်ကော ရနိုင်ပါဦးမလားတဲ့။ ရနိုင်ပါတယ် ဒါမျိုးနောက်တစ်ကြိမ်ဖြစ်ချင်မှဖြစ်မှာပါလို့ပြောလိုက်တယ်။ သူဘယ်လိုလုပ်ပြီး ကလေးထပ်ရပါတော့မလဲဗျာ။
နောက်တယောက်က…
အရင်တစ်ပတ်က လာပြတယ် ကလေးတစ်ယောက်ရဖို့ နေပြည်တော်ထိ တက်ပြီး laparoscope လုပ်ပြီး ကလေးရအောင် ကြိုးစားထားရတယ်။ ခုလာပြတော့ ကိုယ်ဝန်က မွေးခါနီးနေပြီ။

သူက အမေနဲ့ နီးတဲ့နေရာမှာပြန်မွေးချင်တယ်တဲ့၊ ကျနော်က ဒီမှာမွေးလည်းရတာ ဘာဖြစ်လို့ပြန်နေမှာလဲ ဆိုတော့ ဒီမှာ သူ့ကို မွေးပြီးရင်စောင့်ရှောက်မဲ့သူ မရှိလို့တဲ့ ။ ယောက်ျားရှိတာပဲလေ သူစောင့်ရှောက်မှာပေါ့လို့ ဆိုတော့ မဖြစ်ဘူးတဲ့ သူကမွေးမြူရေးတာဝန်ခံ ဆိုတော့ မိန်းမကို အချိန် သိပ်မပေးနိုင်လို့ အမေဆီပဲပြန်မွေးမယ် ဆိုပြီး အရင်တစ်ပတ်ကပဲပြန်သွားတယ်။
မနက်ဖန်သောကြာနေ့ သူ့ကို ခွဲမွေးဖို့ OT list မှာ ထည့်ထားတယ် တဲ့ (ရန်ကုန်သမကမှာ) သူ့ယောက်ျားက ဒီနေ့ စစ်လေယာဉ် နဲ့ သူ့ မိန်းမ မီးဖွားတဲ့ဆီကို အသွား လမ်းခုလတ်မှာ ကံဆိုးမိုးမှောင် ကျခဲ့ရှာတယ်။ မနက်ဖန် မီးဖွားမည့်ကျနော့ လူနာနံဘေး အားပေးမဲ့သူ့ ယောက်ျားမရှိရင် သူဘယ်လိုခံစားရရှာမလဲ…?
နောက်တယောက် ကတော့ ကျနော့လူနာရဲ့ အမေ…။



သမီး ဖြစ်သူက Myoma နဲ့ endometriotic cyst ဖြစ်နေလို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျနော်က ဒီဆေးရုံမှာ ခွဲပေးထားခဲ့တယ်။ သမီးဆေးရုံတက်တော့ အမေ ဖြစ်သူက ရန်ကုန် ကနေ ဘုတ်ပြင်းလာခဲ့တယ် သမီးကို ခွဲစိတ်ပေးတဲ့သူတွေ စားဖို့ ရန်ကုန်ကနေ မုန့်တွေဝယ်ခဲ့ပေးတယ် ။ မပြန်ခင်က မြို့ထဲမှာတွေ့တော့ ထပ်ပြီးနှုတ်ဆက်ဖြစ်သေးတယ်။
ခုတော့ သမီး လည်း ဆေးရုံ ကဆင်းလို့ သူလည်း စိတ်ချလက်ချဖြစ်ပြီး စစ်လေယာဉ် နဲ့ အိမ်အပြန်
တစ်ကယ်ပဲ စိတ်ချလို့ သမီးဖြစ်သူကို ထားခဲ့တာလား အန်တီ..?
အားလုံးအတွက် စိတ်မကောင်းဖြစ်ရပေမဲ့ ကိုယ်နဲ့ ပတ်သက် နေတဲ့ လူတွေပါတော့ တစ်ကယ်ကို ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြေကွဲရပါတယ်။ 

သွားလေသူ အပေါင်း ဘဝဆက်တိုင်း ဒီလို အဖြစ်ဆိုးမှလွဲကြပါစေ..။
 ကောင်းရာသုကတိသို့ ရောက်ကြပါစေ..။
မည်သူ တစ်ဦးတစ်ယောက် မှ ဒီလို အဖြစ်ဆိုးထပ်ပြီး မကြုံကြပါစေနဲ့…။
(အကိုသိန်းဇော်​ဦး wall မှ ကူးယူ​ဖော်​ပြပါသည်​)
Source:Edkza

No comments:

Post a Comment