Wednesday, July 19, 2017

ရွှေ့ပြောင်း လုပ်သားတွေ နေရပ်ပြန်လို့ ထိုင်း စားသောက်ဆိုင်ပေါင်း ၂၀၀၀ ကျော် ပိတ်သိမ်း

                   ပြည်တော်ပြန်လာသည့် မြန်မာ လုပ်သားများကို မြ၀တီ ကျောက်လုံးကြီး စခန်းတွင် တွေ့မြင်ရစဉ် ။ 



ထိုင်းနိုင်ငံမှာ ၂၀၁၇ အလုပ်သမား ဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် အထောက် အထား မညီညွတ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ပြန်ကုန်ကြလို့ စက်မှု လုပ်ငန်းတွေနဲ့ စားသောက်ဆိုင် လုပ်ငန်းတွေပါ ထိခိုက် ပြီး ဆိုင်ပေါင်းနှစ်ထောင်ကျော်ကို ပိတ်သိမ်းထားရတယ်လို့ tnnthailand တီဗွီ သတင်းက ဖော်ပြထားပါ တယ်။

အရင်တုန်းက နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို အဖွဲ့လိုက် လက်ခံရောင်းချပေးတဲ့ စားသောက်ဆိုင်တွေမှာ ရွှေ့ပြောင်း အလုပ်သမား ၇၀ ရာခိုင်နှုန်း ငှားရမ်း ခန့်ထားပေမယ့် အခု ဆိုရင် ၂၀ ရာခိုင်နှုန်းပဲ ကျန်ရှိပြီး အဲဒီ လုပ်သားတွေနေရာမှာ ထိုင်း အလုပ်သမားတွေ၊ အလုပ်သင် ကျောင်းသူကျောင်းသားတွေ အစားထိုးခန့်ထားရကာ လုပ်အားခပါ ပိုပေးရတဲ့ အတွက် အရင်းအနှီး ပိုမို ကုန်ကျတယ်လို့ ထိုင်းနိုင်ငံ စားသောက်ဆိုင် စီးပွားရေး လုပ်ငန်းရှင်များ ဥက္ကဋ္ဌ နန်းရတ်ဒါး ဆမ်ဖောင်းထောင်းန်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းစားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းက ပြုစုထားတဲ့ စာရင်းဇယားတွေ အရ ၂၀၁၇ ခုနှစ်ထဲမှာ စားသောက်ဆိုင်ပေါင်း ၂၀၀၀ ကျော် ပိတ်သိမ်းခဲ့ရကာ အရင် ၂၀၁၆ နှစ်ကုန်ထိ ၁၀၀၀ ခန့် ပိတ်သိမ်းပြီး ဒီနှစ်ဝက်ကျော် အထိ နောက်ထပ် ဆိုင်ပေါင်း ၁၃၀၀ ပိတ်သိမ်း ခဲ့ကြောင်း၊ အဲဒီဆိုင်တွေထဲမှာ ထိုင်း အရှေ့မြောက်ပိုင်း အီဆန်ဒေသက ဆိုင်ပေါင်း ၇၀၀ ကျော်၊ မြောက်ပိုင်းက ၃၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။


                                        ဘန်ကောက် မြို့ရှိ စားသောက်ဆိုင်တစ်ခု မြင်ကွင်း



ထိုင်း တစ်နိုင်ငံလုံး မှာတော့ စားသောက်ဆိုင်ပေါင်း နှစ်သိန်း ကနေ သုံးသိန်းကြားမှာ ရှိတယ်လို့ နန်းရတ်ဒါး ဆမ်ဖောင်းထောင်းန် က ပြောခဲ့ပြီး အစိုးရရဲ့ ၂၀၁၇ အလုပ်သမားဥပဒေကြောင့် ထိခိုက်မှုတွေဖြစ်နေကာ ခန့်ထားတဲ့ မြန်မာ အလုပ်သမား အများစုမှာ တစ်ဝက်လောက်က အထောက် အထားတွေ မှန်ကန်အောင် ပြန်လုပ်ဖို့ နေရပ်ပြန်ကုန်တာကြောင့် အလုပ်သမားပြတ်လပ်မှုပြဿနာ ရှိနေတယ်လို့ သိရပါတယ်။


Source & Photos : DVB
Photos : Global Travel Mate

No comments:

Post a Comment