Friday, August 4, 2017

တစ်ဘ၀ပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် မိတ်ဆွေ



အကြွေး ဆိုတာ မဆပ်ပဲ နေလျှင် တစ်ဘ၀ပါ။ သို့သော် တစ်ဘ၀ပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် 
မိတ်ဆွေ ။ ထို အကြွေးကို ကျေအောင် မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွားပါလိမ့်မည် ။ ဝဋ်ကြွေး ဆိုသည် ကတော့ ထာဝရ ဆပ်ရမည်မှာ မလွဲပင် ။

ရစရာရှိသော သူများသည် မိမိတို့ ကြပ်တည်း လာတိုင်း ရရန် ရှိသော ငွေကြေးများကိုသာ အားကိုး တကြီး မျှော်လင့်ရသည် ။ ကိုယ့်ဆီက မရသောကြောင့် တစ်ပါးသူ အခက်အခဲပေါင်း များစွာနှင့် စိတ်ဆင်းရဲရလေလေ ကိုယ်ဆပ်ရမည့် ဝဋ်ကြွေး တန်ဖိုးကြီးမာလေလေ ဖြစ်မည်ကိုလည်း သိစေလိုပါသည် ။

သင်တို့ ရဟန်း ၀တ်ဖူးပေလိမ့်မည်။ သင်တို့ အသက် ၂၀ပြည့်ပြီးလို့ ဒုလ္လဘ ရဟန်း အနေနဲ့ သာသနာ့ဘောင် ကို ၀င်တော့မယ် ဆိုလျှင် သင်တို့ကို ရဟန်းပြု သိမ်ဝင်ပေးမယ့် ဆရာတော်က ” အသင်တို့ဟာ အမှန်တစ်ကယ်ကြွေးမှီများ ကင်းရှင်းသူများဖြစ်ကြပါရဲ့လား ” ဆိုပြီး မေးလာခဲ့သည် ရှိသော် ကြွေးမှီများ ကင်းပါတယ်   ဖြစ်ကြောင်းကို လိပ်ပြာ သန့်သန့်ဖြင့်ဖြေနိုင်ဖို့ အရေးကြီးသည် ။

ကြွေးပူများ ( မိမိမှ မပေးရင် တစ်ဖက်လူ ဒုက္ခရောက်တော့မယ့် အနေအထား ) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်း အဖြစ်သို့ မြတ်စွာဘုရား၏ သာသနာမှ လက်မခံပါ ။

ခြွင်းချက် အနေဖြင့် အကြွေးပင် ရှိနေသော်ငြားလည်း မကျေကျေအောင် ဆပ်မည်ဆိုသူများ သို့မဟုတ် ကြွေးရှင်မှ ကြွေးပူအဖြစ် မသတ်မှတ်ဘဲ အဆင်ပြေသည်အထိ စောင့်ပါမည်ဟု ခွင့်ပြုပေးထားသူများအား ရဟန်းအဖြစ်သို့ လက်ခံမည်ဟု ဆိုထားသော်လည်း ကြွေးမှီများလည်း မကင်းကြ ဆပ်ချင်စိတ်လည်း မရှိသူများအဖို့ကား နည်းလမ်း မရှိနိုင်ပေ ။

သူတစ်ပါးအား မျက်ရည်ကြီးငယ် ကျစေသော အကုသိုလ်ကံ အကျိုးပေး အဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရမည့် အခွင့်အရေးအား ယခုဘဝတွင် လောလော လတ်လတ် ဆုံးရှုံးရမည်ဖြစ်သည် ။ နောက်ဘဝများတွင်လည်း ကောင်းသော အကျိုးပေးများ ရရှိနိုင်မည်ဟု ရာနှုန်းပြည့် မျှော်လင့်၍ မရနိုင်တော့ပါ ။

ထို့ကြောင့် ကြွေးပေးရန်ရှိသူများ အနေနဲ့ မိမိသာ တိရစ္ဆာန် ဘ၀မျိုးရောက်နေခဲ့လျှင် မည်သို့သော နည်းဖြင့် ကြွေးဆပ်ရမည်ကို တွေးကြည့်ဖို့လိုသည် ။ အကြွေးများကင်းရှင်းရန်နှင့် ဝဋ်ကြွေးများဆပ်ရန်အကောင်းဆုံးအချိန်အခါဖြစ်သော လူဖြစ်နေတုန်းအခိုက်မှ မဆပ်နိုင်ခဲ့လျှင် သံသရာအဆက်ဆက်အထိ မကျေမချင်း ခန္ဓာနဲ့ရင်းပြီး ဆပ်ရန်သာရှိတော့သည် ။



အသင်သာ ဥာဏ်ရည် နိမ့်ပါးသူ မဟုတ်ခဲ့လျှင် တိရစ္ဆာန် ဘ၀ထက် လက်ရှိ အချိန်သည်သာ အကြွေးဆပ် ရန် အကောင်းဆုံး ဆိုသော အဖြေကို မဆိုင်းမတွ ရရှိပေလိမ့်မည် ။

– အပြောချိုချိုဖြင့် ငွေတိုးချေးပြီး ပြန်မဆပ်ချင်သဖြင့် တိုင်ချင်ရာတိုင် ဆိုသည့်သူများ ၊

-လောင်းကစားများ လုပ်ပြီးကြွေးမပေးနိုင်သော်ငြားလည်း ကြွေးရှင်းလာတောင်းသော အခါ ဟိုတိုင်မည် ဒီတိုင်မည် လုပ်ပြီး ကြွေးမရတဲ့သောက အပြင် စိတ်ဒုက္ခပါ ထပ်ပေးသူများ ၊

-အကြွေးဆပ်ရန် တစ်စုံတစ်ရာ အားထုတ်ကြိုးစားခြင်း မရှိဘဲ ပေးပါမည် ၊ ပေးပါမည်ဟု မျှော်လင့်ချက်ပေး၍ လူကြားကောင်းရန် ၊ အနေအစားချောင်ရန် အသံကောင်း ဟစ်ပြီးမှ အမြဲတစ်စေ အဆင်မပြေပါ ဟု ငြီးငြူနေတတ်သူများ ၊

-အမွေဆိုင် ပစ္စည်းများကို အပိုင်စီးထားပြီး ခွဲမပေးချင်သူများ ၊

-ယုံကြည်မှုကို အလွဲသုံးစား လုပ်သူများ ၊ 

စသည့် ညစ်ကျယ်ကျယ် အတွေးမျိုးဖြင့် စိတ်ထား ယုတ်ညံ့ သူများ သည် မည်သည့် အခြေနေ မှ လူမွေး 
မပြောင်နိုင်ပါ … ဒုက္ခပေါင်းစုံဖြင့်သာ ကျင်လည်နေရပေမည် ။

ထိုသို့သော လူ(အချို့) သည် နောင်ဘဝများတွင် လူဖြစ်သော်လည်း အရူး ၊ မွေးရာပါ ဥာဏ်ရည် နိမ့်သူ ၊ 
ကိုယ် လက် အင်္ဂါချို့တဲ့သူ တိရစ္ဆာန်ဖြစ်လျှင်လည်း မစင်ပုံထဲက လောက် ၊ မစင်ပဲ စားရသည့် ခွေး ၊ နေ့မအား ညမအား အခိုင်းခံရသော နွား စသဖြင့် ဝဋ်ကြွေးအတွက် ခန္ဓာကိုယ်ကို ရင်းပြီး ဘ၀ပေါင်းစုံတွင် မကျေမချင်း သံသရာ အဆက်ဆက်ပေးဆပ်ရတတ်သည် ။

ကျိန်စာတိုက်ခြင်း မဟုတ်ပါ ။ သို့သော် ကိုယ်ပြုသော မကောင်းမှုကံ ကိုယ့်ထံ ( ကြိမ်းသေ ) ပြန်လာမည်မှာ အမှန်ပင် ။ စကားလက်ဆောင်တစ်ခု ပါးလိုပါသည် ။

အကြွေး ဆိုသည်မှာ ဆပ်ချင်စိတ် ရှိရန်သာ လိုအပ်ပေသည် …ဆပ်ချင်စိတ်သာ ရှိလျှင် ရပေါက် ရလမ်း များလည်း အလိုလို ပွင့်လာပေလိမ့်မည် ။ မယုံလျှင် အကြွေးပေး လိုသော စိတ်ရင်း စေတနာ အမှန်ဖြင့် အားထုတ် ကြိုးစားကြည့်ကြပါ ။

မိတ်ဆွေ … အချိန်မနှောင်းသေးပါ ။

ဒီစာကို ဖတ်ပြီးလျှင် သင်ပေးစရာရှိသူထံ သွား၍ ကြွေးကျေအောင် ဆပ်ပါမည် ဟူသော ကတိနှင့် အတူ 
အမြန်ဆုံး ဆပ်နိုင်ရန် ကြိုးစားမည့် အခွင့် အရေး သင့်ထံတွင် ရှိနေပါသေးသည် ။ 

လက်ရှိ အချိန်ထက် ကောင်းသောအချိန်လည်း မရှိတော့ပါ …
ထို့ကြောင့် အကြွေးဆပ်ပါ …
ထို့ကြောင့် ကြွေးကျေအောင်ဆပ်ကြပါ …


Credit Original Uploader.
Dr Shwe Tun


No comments:

Post a Comment