Thursday, December 28, 2017

ကုလသမဂ္ဂ မှာ အမေရိကန် စိန်ခေါ်ခံနေရပြီလား



အစ္စရေး ရဲ့ မြို့တော်ကို ဂျေရုဆလင် ဟု အမေရိကန်က အသိအမှတ်ပြုကြောင်းနှင့် အမေရိကန် သံရုံး ကိုဂျေရုဆလင် သို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ကြေညာချက်သည် ကုလ သမဂ္ဂကြီးကိုရော၊ အစ္စလာမ် ကမ္ဘာကြီးကိုရော ပြင်းအားကြီး ငလျင်ကြီး လှုပ်ခတ်သွားစေသည့် အလားဖြစ်ခဲ့ ၏။ အစ္စလာမ်နိုင်ငံအချို့မှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ . . . ထူးထူးခြားခြား အာဆီယံထဲမှ မလေးရှား ပင် စစ်ရေးအတွက် အဆင်သင့်ဖြစ်နေပါပြီဟု ထုတ်ဖော်လာခဲ့ရသည်အထိ ဂယက်ရိုက်သွားခဲ့၏။

(၂၁. ၁၂. ၁၇) တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သမ္မတထရမ့် ၏ ဂျေရုဆလင်ဆိုင်ရာ အဆိုနှင့် ပတ် သက်ပြီး မဲခွဲဆုံးဖြတ်ကြသည်။ ထရမ့် အနေဖြင့် သူ့ကြေညာချက်ကို ပြန်ရုပ်သိမ်းနိုင်ရန် အတွက်ဖြစ်သည်။ ထို မဲခွဲဆုံးဖြတ်မှုသည် ချုပ်နှောင်မှု မရှိသော၊ လိုက်နာရန် မလိုသော (Non-Binding Resolution)  ဖြစ်သော် လည်း ကုလတွင် အင်အားစမ်းသပ်ခြင်းတစ်မျိုးဟု ဆိုရပါလိမ့်မည် ။ အမေရိကန်ကို ဆန့်ကျင် သည့် ဘက်မှမဲ သည် (၁၂၈) မဲရှိခဲ့ပြီး၊ ထောက်ခံမဲမှာ (၉) မဲဖြစ်ကာ၊ ကြားနေ (၃၅) မဲ ဖြစ်ခဲ့ပါ၏။

အမေရိကန်သမ္မတ၏ ဆောင်ရွက်မှုအပေါ် ဆန့်ကျင်သည့်မဲမှာ (၁၂၈) မဲဖြစ်နေသဖြင့်ယနေ့ အမေရိ ကန်သည် အများစု၏စိန်ခေါ်မှုကိုခံနေရချိန်ရောက်နေပြီလားဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ သို့သော် လည်းအများစုမှာ အစ္စလာမ်နိုင်ငံများပါဝင်နေသည်ကိုသတိပြုကြရပါလိမ့်မည်။


 ကြိုတင်ဖိအားနိုင်ငံရေး ကစားမှုများ 

ကုလ အရေးပေါ် အထွေထွေညီလာခံတွင် မဲမခွဲမီ၌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေ က၊ အမေရိကန်ကို ဆန့်ကျင်ဘက်ပြုသောနိုင်ငံများကို ဒဏ်ခတ် အရေးယူမှုများပြုလုပ်သွား မည်ဟု ဖိအားပေးခဲ့သည်။ ထရမ့်၏ အင်တာဗျူးတစ်ခုတွင်လည်း နစ်ကီဟာလေ ပြောကြားခဲ့သလို ဟုတ်ပါသ လား . . . ဟူသောမေးခွန်းအတွက် ထရမ့်ကလည်း တက်တက်ကြွကြွပင် . . .
“ဟုတ်ပါတယ်...နစ်ကီဟာလေ ပြောတဲ့အတိုင်းပါပဲ၊ မဲခွဲရာမှာ အမေရိကန်ကို ဆန့်ကျင်တဲ့နိုင်ငံတွေ အားလုံးကို တုံ့ပြန် အရေးယူဆောင်ရွက်သွားမှာ အသေအချာပါ။” . . . ဟု အတည်ပြုခဲ့သည်။

တူရကီ သမ္မတ အာဒိုဂန် ကမူ . . .
“ တူရကီ တို့ရဲ့ ဒီမိုကရေစီ ဆိုတာ အမေရိကန်ကို ရောင်းချဖို့မဟုတ်ပါဘူး၊ တူရကီကို အမေရိကန်ဝယ် လို့ မရဘူး” . . . ဟု ကမ္ဘာကြီးကို ကြေညာခဲ့သည်။

ယခု ကုလသမဂ္ဂတွင် ဂျေရုဆလင်အပေါ် အစ္စရေး၏မြို့တော်ဟုအသိအမှတ်ပြုမှုကို နိုင်ငံပေါင်း (၁၂၈) နိုင်ငံကဆန့်ကျင်ခဲ့ကြပါ၏။ ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်ဟု အသိအမှတ်ပြုခဲ့သူမှာ ထရမ့် တစ်ဦးတည်း တော့မဟုတ်ချေ။ အနီးစပ်ဆုံး သမ္မတ များကိုထောက်ပြရလျှင် ထရမ့်ရှေ့က အိုဘားမား သည် လည်းကောင်း၊ ဘီလ်ကလင်တန် သည် လည်းကောင်း အသိအမှတ်ပြုခဲ့ကြသူများ၊ ထုတ်ဖော်ပြောကြားခဲ့ကြ သူများဖြစ်ပါသော်လည်း အဘယ့်ကြောင့် ထရမ့်လက်ထက်ကျမှ ယခုကဲ့သို့ပွက်လောညံခဲ့ကြပါသလဲ ?

ထရမ့်၏ ဆောင်ရွက်မှုများ၊ မိန့်ခွန်းများသည်သူ့နောက်ခံ အရပင် လူထုကို ပို၍အာရုံစိုက်စေခဲ့၏။ ပံ့ပိုးလိုက်သည့်အရာမှာ. . . အမေရိကန်သံရုံးကို တယ်အဘီ မှ ဂျေရုဆလင် သို့ရွှေ့ပြောင်းမည်ဟူသော အချက် ဖြစ်လာပါ၏။


အမေရိကန် ၏ အဂ္ဂဗျူဟာ ရွှေ့ကွက်များ 

၁၉၇၃ တွင် ရေနံအကြပ်အတည်းဖြစ်ခဲ့ဖူးသည်၊ ထိုစဉ်က ရေနံတစ်စည် (၂. ၈) ဒေါ်လာမှ (၅) ဒေါ် လာ ခန့်အထိ (၈ဝ)% ဈေးနှုန်း ခုန်တက်သွားရာ . . . စက်မှုနိုင်ငံများ အတော်ဒုက္ခရောက်ခဲ့သည်။ အမေရိကန် ကိုလည်းကောင်း၊ အမေရိကန်နှင့် ပုလဲနံပ သင့်သော နိုင်ငံများကိုလည်းကောင်း OPEC ကရေနံမရောင်း ဟူ ၍ စိန်ခေါ် အရေးယူပိတ်ဆို့ခဲ့ဖူးသည်။ ကမ္ဘာကြီးကို စေလိုရာစေသော အန်ကယ်ဆမ် ကို အိုပက်မှ နားရွက် တံတွေးဆွတ်ခဲ့ခြင်းဖြစ်၏။

လွန်ခဲ့သောနှစ်အနည်းငယ်က ရေနံ တစ်စည်ဒေါ်လာ (၁၂ဝ) အထိဖြစ်ခဲ့ဖူး၏။ အမေရိကန် ၏ ရှေးလ်ကျောက်မှ ရေနံထုတ်လုပ်နည်းပညာကို ကမ္ဘာသို့ ကြေညာခဲ့သည်။ အကြောင်းအချက်အချို့ တိုက်ဆိုင် စွာဖြင့်လည်းရေနံဈေးတစ်ဟုန်ထိုး ကျဆင်းသွားခဲ့သည်။ ရှေးလ်ကျောက်မှ ရေနံ မထုတ်နိုင်ရန် အာရပ်နိုင်ငံများ မှ အမေရိကန်ကို ပညာပေးခဲ့ခြင်းဟု အမေရိကန်ဘက်မှမြင်သည်၊ ရေနံတစ်စည်သည် ဒေါ်လာ တစ်ရာကျော် မှ (၃၈) ဒေါ်လာအထိ ကျဆင်းသွားခဲ့ရာ . . . ရှေးလ် မှ ရေနံထုတ်မည် ဟူသော အသံလည်း တိတ် ဆိတ် သွားခဲ့ရ ပါ၏။

အိုဘားမားလက်ထက်ကနျူကလီးယားနှင့် တာဝေးပစ်ဒုံးပျံ တိုးတက်မှု များစွာ အသက်ရှူချောင်စေ ခဲ့သောအီရန် သည် အမေရိကန်အတွက် စိုးရိမ်ဖွယ်ရာ အခြေနေဖြစ်လာပါတော့သည်။ သို့နှင့် အိုဘားမား လက်ထက် အာရှ ပစိဖိတ် အလေးထား မဟာဗျူဟာကို ထရမ့်လက်ထက်တွင် အရှေ့အလယ်ပိုင်းသို့ရွှေ့ပြောင်း ခဲ့သည်။

တူရကီသည် အိုဘားမားလက်ထက်ကပင် အမေရိကန်အလံအောက်မှ ရုရှားအလံအောက်သို့ ခိုလှုံသွား ခဲ့၏။ အမေရိကန်နှင့် အလွမ်းသင့်သူ ဆော်ဒီ ကျန်နေသေးပါ၏။ သို့နှင့်ဆော်ဒီ ဗဟိုပြု အရှေ့အလယ်ပိုင်းမဟာ ဗျူဟာ အခင်းအကျင်းသစ် ကို စတင်တွေ့ခဲ့ရပါတော့၏။

 ဆော်ဒီသို့ ထရမ့်ရောက်ရှိပြီး ဒေါ်လာဘီလီယံနှင့် ချီသော လက်နက်ရောင်းချရေး စာချုပ် ချုပ်ဆိုသွားသည်။များမကြာမီ လက်ဘနွံ ဝန်ကြီးချုပ် ရောက်လာ သည်။ သူ့ရာထူးမှနှုတ်ထွက်သွားပြီး သူကိုယ်တိုင်လဲ ခဏပျောက်သွားခဲ့၏။ ထို့နောက်ဆော်ဒီနိုင်ငံ အတွင်း ကြီး မားသောပြုပြင်ပြောင်းလဲမှုများဖြစ်လာပြီး မင်းသားဘင်ဆယ်လ်မန် ဩဇာကြီးလာခဲ့သည်။ မင်းသား (၃၈) ဦးအပါအဝင် ထိပ်တန်း (၂ဝဝ) ကျော် အထိန်းအသိမ်းခံရသော ပြုပြင်ပြောင်းလဲမှု ကြီးဖြစ်သည်။

အော်ဒီမင်းသား ဆယ်လ်မန်က အီရန်ကို တင်းမာသော စကားများဆိုတော့၏။ အီရန်သည် အကြမ်း ဖက်များကို အားပေးထောက်ပံ့နေသောနိုင်ငံဖြစ်သည့် အတွက် ဆော်ဒီက လက်မခံဟု ဆိုသည်။ ဆော်ဒီ နောက် မှ သူ့မဟာမိတ်နိုင်ငံ (၄၁)နိုင်ငံကို အင်အားပြခဲ့သည်။ 

ဤဖြစ်စဉ်များသည် တိုက်ဆိုင်မှု မဟုတ်သော ဖြစ်စဉ် ကြီးများ ဖြစ်သဖြင့် အသေအချာ အကွက်ချ စီစဉ်ထားမှုများသာဖြစ်ပါ၏။ ဆော်ဒီ ¼ အီရန် အုပ်စုလိုက် တင်းမာမှုများ တစ်မဟုတ်ချင်း ကြီးထွားလာသည်။ စစ်ရေး ပြင်ဆင်မှုများ ချက်ချင်းဆောင်ရွက်လာခဲ့တော့ သည်။

ဤတင်းမာမှုများ အရှိန်ကောင်းဆဲမှာပင် . . . အမေရိကန်သမ္မတ ထရမ့်က ဂျေရုဆလင်ကို အစ္စရေး ၏ မြို့တော်ဟု အသိအမှတ်ပြုကြောင်းနှင့် အမေရိကန်သံရုံးကိုလည်း တယ်အဘီမှ ဂျေရုဆလင်ကိုပြောင်းရွှေ့ မည်ဖြစ်ကြောင်း ကမ္ဘာကြီးကို ထုတ်ဖော်ပြောဆိုမှုက ထပ်ချပ် ထွက်လာခဲ့ရာ . . . အစ္စလာမ် ကမ္ဘာကြီး ပွက် ပွက် ဆူသွားခဲ့ပါတော့၏။ ပစ်မှတ်အဘယ်သို့ ဦးတည်ရတော့မည်ကိုပင် ဝေဝါးသွားခဲ့သည်။ ဤသို့သော အရွေ့များ သည် တိုက်ဆိုင်မှုများ မဟုတ်ကြပါ။ များစွာသောခေါင်းများဖြင့် စဉ်းစားပြီးမှ အစီအစဉ်တစ်ကျ တစ်ဆင့်ခြင်း ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏။

ယခုအခါ . . . အစ္စရေး ဗဟိုပြု အစ္စလာမ်ကမ္ဘာနှင့် စစ်ပွဲ (ဆော်ဒီက အစ္စရေးဘက်မှ ရပ်တည်သည်ဟု ဆိုလာ) ဆော်ဒီ - အီရန် အုပ်စု စစ်ပွဲသည်ခေါင်းချင်း တည်ထားသည့် အနေအထားသို့ရောက်ရှိ လာခဲ့ပါတော့ ၏။ အလုံးစုံကို စီစဉ်သူ ဇာတ်ဆရာက အမေရိကန် ဖြစ်ပါသော်လည်း စစ်ရေးအရ အမေရိကန်ကို မည်သူမျှ မျက်နှာချင်း မဆိုင်ရဲကြချေ၊ မလည်မဝယ် မလေးရှား ကသာ စစ်ရေးအရ ဆောင်ရွက်လျှင် အဆင်သင့်ဖြစ် ပါပြီ ဟု ဆိုခဲ့သည်ကို တွေ့ရပါ၏။

* ဆွန်နီ-ရှီအိုက် အခြေပြုစစ်ပွဲလား ?
* ဂျူး/ခရစ်ယာန် -အစ္စလာမ်ကမ္ဘာ အခြေပြု စစ်ပွဲလား ?

လောလောဆယ်ကမူ ထရမ့်၏ ဂျေရုဆလင်အပေါ် အသိအမှတ်ပြုခဲ့ခြင်းက အာရုံစိုက်မှု ပိုနေသည်ဟု ဆိုရပါလိမ့်မည်။ အမှန်တစ်ကယ်က . . . ထရမ့်၏ ဗျူဟာအစိတ်အပိုင်း တစ်ခုဖြစ်သော ဂျေရုဆလင် ကိစ္စသည် ချိန်သားကိုက်မှု မှားယွင်းခဲ့သည်ဟု သုံးသပ်ပါ၏။ ဆော်ဒီ ¼ အီရန် စစ်ပွဲ အလယ်လောက် ကျမှသာ ထွက် ပေါ်လာခဲ့သင့်သည်ဟု ယူဆပါသည်။

မည်သို့ ဆိုစေ . . . . .
အရှေ့အလယ်ပိုင်းသည်လည်းကောင်း၊ အစ္စရေးအခြေခံ အရေးအရာသည်လည်းကောင်း . . မီးဟုန်း ဟုန်း တော့တောက်လာခဲ့ပါ၏။ လူတို့၏အတ္တ ၊ဒေါသ ၊မောဟ တို့ကြောင့် ဖလံမျိုး မီးတိုးသည့်ပမာ . . . ဟုန်းဟုန်း တောက်နေသော မီးပုံကြီးများသို့ နိုင်ငံများ ဝင်တိုးလာပါတော့မည်။

ကုလ မဲခွဲ မှုနောက်ပိုင်း
အရေးပေါ် ကုလ အထွေထွေညီလာခံအပြီး ရလာဒ်နောက်ပိုင်းတွင် . . . ပါလက်စတိုင်း က . . . .
“ ထရမ့်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကိုနိုင်ငံ အများအပြားက ဆန့်ကျင်ခဲ့ကြတယ် ၊ ကျွန်တော်တို့ ကို ကမ္ဘာ့နိုင်ငံ အများအပြားက ထောက်ခံခဲ့တာတွေ့ရလို့ ဝမ်းသာကျေးဇူးတင်ပါတယ် ” . . . . ဟု ဆိုခဲ့သည်။

ပါလက်စတိုင်း စေ့စပ်ညှိနိုင်းရေး အဖွဲ့ခေါင်းဆောင် Saeb Erekat ကလည်း....
“ ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်မှုအပေါ် စည်းမျဉ်းဥပဒေအရ အမေရိကန်အနေနဲ့ လေးစား လိုက်နာသင့် တယ် ” ဟုဆိုသည်။ သူကဆက်ပြီး . . . .
“ တောတွင်း ဥပဒေမဟုတ်ပါဘူး၊ ကုလသမဂ္ဂမှာနိုင်ငံအားလုံးရဲ့ ဆန္ဒနဲ့ ရပ်တည်ချက်ကိုပြသခဲ့တာပဲ ဖြစ်ပါတယ် ၊နိုင်ငံအများစုရဲ့ ဥာဏ်ပညာကြီးမှု၊ အရှည်အနာဂတ် အပေါ်မြင်နိုင်မှုကိုပြသရာရောက်ပြီး အမေရိ ကန် အနေနဲ့နိုင်ငံတစ်ကာဥပဒေကို လေးစားသင့်ပါတယ် ” ဟုဆိုသည်။

တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ကလည်း သူရဲ့ twitter ပေါ်မှာ . .
“ ဂုဏ်ဒြပ် နဲ့အချုပ်အခြာ ဆိုတာရောင်းကုန် မဟုတ်ပါဘူး ” ဟုရေးသားခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကလည်း အောက်ပါအတိုင်း ခပ်ပြတ်ပြတ် တုန့်ပြန်ခဲ့ သည် . . . .
“ ကုလသမဂ္ဂဟာ အလိမ်အညာတွေနဲ့ စုစည်းထားတဲ့နေရာပါ၊ အစ္စရေးလ်ဘက်က ရပ်တည်ပေးတဲ့ သမ္မတ ထရမ့် ကိုလည်းကျေးဇူးတင်ပါတယ် ၊ သံအမတ်ကြီး နစ်ကီဟာလေ ကိုလည်းကျေးဇူးတင်ပါတယ် ”

ကုလသမဂ္ဂသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ထွက်ပေါ်လာသော နိုင်ငံတစ်ကာ အရေးကို မှန်ကန်စွာ ဖြေရှင်းပေးရမည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သော်လည်း အလှူငွေ ထည့်ဝင်နိုင်သောနိုင်ငံများကို ဘက်လိုက် မှုများ ရှိနေသည်ဟု နောက်ပိုင်းတွင် သတင်းဆိုးများ ထွက်ပေါ်လာခဲ့ပါသည်။ ရှေ့ပိုင်းတွင် အဓိက အလှူငွေ ထည့်ဝင်သည့်နိုင်ငံမှာ အမေရိကန် ဖြစ်ခဲ့သဖြင့် ကုလအပေါ်အမေရိကန်၏ ဩဇာလွှမ်းမိုးမှု ကြီးမားခဲ့ဘူး သည်။ နောက်ပိုင်းတွင်မူကား ရေနံထွက်နိုင်ငံများ၏ အလှူငွေက တိုးတက်လာခဲ့သည်ဖြစ်ရာ . . . အမေရိကန် ၏ဩဇာ ကျဆင်းခဲ့ပြီး ရေနံထွက်နိုင်ငံများ၊ အစ္စလမ်နိုင်ငံများ၏ ဩဇာ တိုးတက်လာခဲ့သည်။

သို့သော်လည်း ဗီတို သုံးစွဲနိုင်သောနိုင်ငံ (၅)နိုင်ငံ စာရင်းထဲတွင် ရေနံထွက်နိုင်ငံများ မပါဝင်နိုင်ခဲ့သေး ချေ။လွန်ခဲ့သော တနင်္လာနေ့က အီဂျစ်နှင့် ပတ်သတ်သော အဆိုကြမ်းသည် အမေရိကန်၏ ပိတ်ဆို့မှုကြောင့် နောက်ဆုတ်သွားခဲ့ရသည်ကိုတွေရ၏။ 

မှန်ခြင်း/မှားခြင်းထက် တရားဝင်မှုကို ရလိုသောကြောင့် ကုလသမဂ္ဂ ကို အသုံးချနေကြသည် ဟူသော ဝေဖန်သံများလည်း သောသောညံခဲ့ပါသည်။ ထို့ကြောင့်ယနေ့ခေတ် ကမ္ဘာကြီး ၌ မြင်ကွင်း (၂) မျိုးကို အခြေခံအားဖြင့် တွေ့နိုင်ကြပါလိမ့်မည်။

တစ်ခုက . . .. လက်တွေ့မြေပြင်တွင် ဖြစ်ပွားနေသော မြင်ကွင်းဖြစ်ပြီး၊ မှန်ခြင်း/မှားခြင်းထက် မိမိတို့၏ အမျိုးသား အကျိုးစီးပွားအပေါ် အခြေခံသော ဖိအားများနဲ့ စစ်ပွဲဖြစ်သည်။

နောက်မြင်ကွင်းမှာမူ ကုလသမဂ္ဂကို အသုံးချ၍ မှန်သယောင်နှင့် ကမ္ဘာ့နိုင်ငံအများစု၏ အသိအမှတ် ပြုမှုကိုရယူပြီး ဆောင်ရွက်နေကြခြင်းဖြစ်ပါ၏။ မြန်မာနိုင်ငံ၊ ရခိုင် အရေးသည် ကိုယ်က အကြမ်းဖက် ခံရသည့် အပြင်၊ ကိုယ်က ကျူးကျော်ခံရသည့်အပြင်၊ ကိုယ်ကပဲ စွဲချက်ပြန်တင် ခံနေရပါ၏။

ဤ စွဲချက်ကို ကုလသမဂ္ဂ ကြီးအား အသုံးချ၍ အသိအမှတ်ပြု ခံဖြစ်နေပါ၏။ ယခုလို အင်အားကြီး အမေရိကန်လိုနိုင်ငံမျိုးနှင့် ထိပ်တိုက် တွေ့သောအခါ . . . Non-Binding ဖြစ်စေ၊ Binding Resolution ဖြစ်စေ . . . အမေရိကန်က သူ့ အကျိုးစီးပွား နှင့် ဆန့်ကျင်လျှင်ကုလကိုပင် အလေးမထားသည့် အခြေအနေကိုတွေ့မြင်ရပါလိမ့်မည်။

နိုင်ငံတို့၏ ပါဝါသည်က အဓိကလား   ?
. . . ဟူ၍ မေးခွန်းဖြစ်လာခဲ့ပါ၏။

များမကြာမီသော ကာလတွင် အရှေ့အလယ်ပိုင်း၌ စစ်ပွဲများကို တွေ့မြင်ကြရပါဦးမည်။ ကုလသမဂ္ဂ သည်လည်း အလုပ်ရှုပ်စရာဖြစ်လာပါလိမ့်မည်။ ကုလသမဂ္ဂကို မည်သည့်နိုင်ငံများက တိုင်တည်၍ မဲခွဲဆုံးဖြတ် ခြင်း များကိုလည်း တွေ့ရပါလိမ့်မည်။

မဲခွဲဆုံးဖြတ်ခြင်းက သတ်သတ်၊ လက်တွေ့မြေပြင်တွင်ဆောင်ရွက်နေခြင်းက သတ်သတ် စသော မြင်ကွင်းမျိုးကိုလည်း တွေ့ရမှာဖြစ်ပြန်ပါ၏။ မည်သို့ဆိုစေ ကုလသမဂ္ဂ၏ ပုံရိပ်သည် တဖြည်းဖြည်း ကျဆင်း လာသည် ကတော့အမှန်ပင်ဖြစ်သည်။ အစ္စရေးဝေဖန်လိုက်သကဲ့သို့ . . ..
ကုလသမဂ္ဂသည် အလိမ်အညာများစု ဝေးရာနေရာကြီးဖြစ်နေပြီလား .....  ? ....... ဟုမေးစရာဖြစ်လာခဲ့ပါ၏။ 

ပါဝါနိုင်ငံများ၏ ကုလ ဆုံးဖြတ်ချက်အပေါ် လိုက်နာခြင်း မရှိတော့သည်ကလည်း ကုလသမဂ္ဂ၏ အရေးပါမှုအပေါ်များစွာ သံသယဖြင့်မှေးမှိန်စေခဲ့ပါသည် လောလောဆယ်ဖြစ်ရပ်တွင် အမေရိကန်သည် ဆန့်ကျင်မှုများလာသည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရ ပြီး . . . အမေရိကန်၏ ပါဝါအခြေအနေသည်လည်းမေးခွန်းထုတ်စရာဖြစ်လာခဲ့ပြန်သည်ကို တွေ့နိုင်ပါသည်။

မည်သို့ပင်ဆိုစေ . . . အမေရိကန်၏ လက်ကျန်ပါဝါသည်ပင်လျှင် အခြားနိုင်ငံများ မော်မကြည့်ရဲသေး သော လုံလောက်သည့် ပါဝါဖြစ်နေပြန်သဖြင့်၊ အရှေ့အလယ်ပိုင်းသည် အမေရိကန်၏ ကောက်ကြောင်းအရ သာ ဇတ်ဝင်ခန်းတို့ကို တစ်ခန်းချင်း " က " ပြကြရပါလိမ့်ဦးမည်။

သူများကြိုးဆွဲရာ မကကြရဖို့ နိုင်ငံငယ်များ အနေဖြင့် ပါဝါတစ်စုံတစ်ရာ ရရှိနိုင်ရေး ကြိုးစားသင့်ကြ သည်ဟုမြင်ပါ၏။


( ဆောင်းပါး ရေးပြီးနောက်ပိုင်းတွင် အမေရိကန် က ကုလသို့ ထည့်ဝင်ငွေ ဒေါ်လာသန်း (၂၀၀) ကျော်ကို
ဖြတ်တောက်လိုက်သည် )

နေဇင်လတ်
(၂၂ . ၁၂ . ၁၇) (၁၉၆၉)

No comments:

Post a Comment